အလှူရှင် ပရမာဓိရာဇာ ရာဇာယန္တြဓိတရာယာဒိ (ဓမ္မစေတီ) ဓမ္မစေတီမင်း သက္ကရာဇ် ၈၈၃ ခုတွင် လှူဒါန်းခဲ့သော ခေါင်းလောင်းတော်ကြီးဖြစ်သည်။ မဟာဗောဓိပင်အနီး စေတီတော်၏ အရှေ့ တောင်ဘက်တွင် တည်ရှိသည်။ ခေါင်းလောင်းကြီးတွင် ဟင်္သာရုပ်ပါ ကြေးကွေး ပါရှိပြီး အပေါ်ပိုင်းတွင် အင်းကွက်များ ပါရှိသည်။ ခေါင်းလောင်းအတွင်းပိုင်းတွင် ဂဏန်းများပါရှိသည့် အင်းကွက်(၈) ခုထည့်သွင်းထားသည်။ အောက်တွင် စက်ဝိုင်းများဆင့်ကာ ယင်းစက်ဝိုင်းအတွင်းတွင် စာများရေးသားထားသည်။ မွန်ဘုရင် ဓမ္မစေတီမင်း လှူထားခဲ့သော (မဟာဃဏ္ဍိ) ခေါင်းလောင်းတော်ကြီးဖြစ်သည်။
ရင်ပြင်တော် တောင်ဘက် ခြေတော်ရာတန်စောင်းအနီး ခေါင်းလောင်းငယ်နှစ်လုံး
ရွှေမော်ဓောရင်ပြင် မြောက်ဘက်မုခ်၊ ကျောက်ပန်းတောင်းဓမ္မာရုံရှေ့တွင်ရှိသော အလေး ချိန်ပိဿာ (၅၀၀)ရှိ ကြေးခေါင်းလောင်းအား သစ်တောဝန်ထောက် ဦးမောင်လူကလေး၊ ဇနီး မရှင်၊ သား မောင်သက်ရွှေ၊ တူ မောင်ထွန်းရှိန်၊ မောင်စောတင်၊ တောအုပ် မောင်ဘိုထိုက် တို့မှ ၁၉၀၆ ခု၊ စက်တင်ဘာ(၂၁) ရက်နေ့တွင် လှူဒါန်းသည်။
အရှေ့ဘက်မုခ် ဓမ္မရွှေရည်ဓမ္မာရုံရှေ့တွင် ခေါင်းလောင်း (၂) လုံးရှိသည်။