ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓေါစေတီတော်မြတ်ကြီးသည် မြန်မာနှင့် အရှေ့တောင်အာရှတွင် ဉာဏ်တော် အမြင့်ဆုံး စေတီဖြစ်ပြီး (၃၇၃ ပေ ၉ လက်မ) ရှိပါသည်။

မဟာသက္ကရာဇ် ၁၀၉ ခုနှစ် (B.C-582) တွင် ဂေါတမမြတ်စွာ ဘုရားထံမှ ကုန်သည် ညီနောင်မဟာသာလနှင့် စူဠာသာလရရှိခဲ့သော ဆံတော် (၂) ဆူကို သထုံဘုရင်သီဟရာဇာ (သမန္တရာဇ်) မင်းက ဌာပနာခဲ့သည်။ 

သာသနာ့သက္ကရာဇ် ၂၃၇-ခုနှစ် (B.C-306) တွင် မြတ်စွာဘုရား၏ သွားဓာတ် တော် (၁) ဆူ နှင့် ဘီလူးရန်နိုင်ရုပ်ပွားတော် (၁) ဆူကို သထုံဘုရင် စူဠသီရီမာသောက မင်းက ဌာပနာခဲ့သည်။ 

ကောဇာသက္ကရာဇ် ၁၈၇-ခုနှစ် (A.D-825) ခုတွင် နန်းတက်သော သမ္မလမင်းလက်ထက်တွင် ဉာဏ်တော်ကို (၇၅) ပေ မှ (၈၁) ပေသို့ မြင့်တင်တည်ဆောက်သည်။ 


သက္ကရာဇ် ၃၄၄-ခုနှစ် (A.D-982) တွင် နန်းတက်သော (အနုရာမ) မင်း လက်ထက်တွင် မြတ်စွာဘုရား၏ သွားဓါတ်တော် (၁) ဆူ ဌာပနာသည်။ 

ရာဇာဓိရာဇ်ဘုရင်လက်ထက် သက္ကရာဇ် ၇၄၇-ခုနှစ် (A.D-1385) တွင် သီရိလင်္ကာ(ယခင်သီဟိုဠ်) နိုင်ငံမှ ပဏ္ဍုရာမမင်းက စွယ်တော် (၁) ဆူ ဓမ္မလက်ဆောင် ပေးပို့သဖြင့် ထပ်မံ၍ ဌာပနာခဲ့သည်ဖြစ်ရာ ဆံတော်၊ သွားဓါတ်တော်၊ စွယ်တော်တို့ ကိန်းဝပ်ရာ စေတီတော်မြတ်ကြီး ဖြစ်ပါသည်။

 

ဉာဏ်တော်            ၃၇၃ ပေ ၉ လက်မ မြင့်သည်။

အမျိုးအစား          မြေပေါက်စေတီအမျိုးအစားဖြစ်ပါသည်။

ထိန်းသိမ်းမှု          အလှည့်ကျဂေါပကအဖွဲ့ဖြင့် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည်။