ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး

ဖူးမြှော်လေ့လာနိုင်သောနေရာများ
ရွှေမော်ဓောစေတီတော်မြတ်ကြီးပေါ်ရှိ ခေါင်းလောင်းများ
ဓမ္မစေတီခေါင်းလောင်း
မြန်မာသက္ကရာဇ် - ၈၈၃ ခု
ဓမ္မစေတီမင်းခေါင်းလောင်း

အလှူရှင် ပရမာဓိရာဇာ ရာဇာယန္တြဓိတရာယာဒိ (ဓမ္မစေတီ) ဓမ္မစေတီမင်း သက္ကရာဇ် ၈၈၃ ခုတွင် လှူဒါန်းခဲ့သော ခေါင်းလောင်းတော်ကြီးဖြစ်သည်။ မဟာဗောဓိပင်အနီး စေတီတော်၏ အရှေ့ တောင်ဘက်တွင် တည်ရှိသည်။ ခေါင်းလောင်းကြီးတွင် ဟင်္သာရုပ်ပါ ကြေးကွေး ပါရှိပြီး အပေါ်ပိုင်းတွင် အင်းကွက်များ ပါရှိသည်။ ခေါင်းလောင်းအတွင်းပိုင်းတွင် ဂဏန်းများပါရှိသည့် အင်းကွက်(၈) ခုထည့်သွင်းထားသည်။ အောက်တွင် စက်ဝိုင်းများဆင့်ကာ ယင်းစက်ဝိုင်းအတွင်းတွင် စာများရေးသားထားသည်။ မွန်ဘုရင် ဓမ္မစေတီမင်း လှူထားခဲ့သော (မဟာဃဏ္ဍိ) ခေါင်းလောင်းတော်ကြီးဖြစ်သည်။

မြန်မာသက္ကရာဇ် - ၁၂၅၀ ခု

ရွှေမော်ဓောဘုရားရင်ပြင်တောင်ဘက် ပျော်ဘွယ်ကြီးတန်ဆောင်းအနီး သီပေါမှ ဆရာတော်တစ်ပါးနှင့် တပည့်ဒါယကာများ လှူဒါန်းထားသော ခေါင်းလောင်းဖြစ်သည်။ အလေးချိန် (၁၂၀) ပိဿာရှိပြီး သက္ကရာဇ် (၁၂၅၀) တွင် လှူဒါန်းသည်။

မြန်မာသက္ကရာဇ် - ၁၂၄၇ ခု

ရွှေမော်ဓောဘုရားရင်ပြင်တော် တောင်ဘက်မုခ်ကပ်လျက်စောင်း တန်း အနောက်ဘက်တွင် တည်ရှိသည်။ ရန်ကုန်မြို့၊ သရက်တောကျောင်းတိုက်မှ အမိ မမယ်၊ သား ဘုန်းတော်ကြီး ဦးစန္ဒကလေ ၁၂၄၇ ခု တပေါင်းလပြည့်နေ့ လှူဒါန်းသည်။ ကြေးပိဿာချိန် ၂၀၀ ရှိသည်။ ခေါင်းလောင်းစာများ ရေးထိုးထားသည်။

မြန်မာသက္ကရာဇ်- ၁၂၄၀ ခု နှင့် ၁၂၄၈ ခု

ရင်ပြင်တော် တောင်ဘက် ခြေတော်ရာတန်စောင်းအနီး ခေါင်းလောင်းငယ်နှစ်လုံး

  • ရန်ကုန်မြို့၊ ပုဇွန်တောင်နေ ကိုရောင်းနှင့် မလု လှူဒါန်းသော ခေါင်းလောင်း အလေးချိန် အခွက် (၈၀) သက္ကရာဇ် ၁၂၄၈ ခု၊ တပေါင်းလဆန်း (၂) ရက်နေ့တွင် လှူဒါန်းသည်။
  • မော်လံရွာသူကြီး ကိုဖိ၊ မယား မမိ၊ သမီး မယ်နှစ် တို့က သက္ကရာဇ် ၁၂၄၀ ခုနှစ်တွင် လှူဒါန်းသည်၊ အလေးချိန် (၃၅) ပိဿာရှိသည်။
ခရစ်နှစ် - ၁၉၀၆ ခု

ရွှေမော်ဓောရင်ပြင် မြောက်ဘက်မုခ်၊ ကျောက်ပန်းတောင်းဓမ္မာရုံရှေ့တွင်ရှိသော အလေး ချိန်ပိဿာ (၅၀၀)ရှိ ကြေးခေါင်းလောင်းအား သစ်တောဝန်ထောက် ဦးမောင်လူကလေး၊ ဇနီး မရှင်၊ သား မောင်သက်ရွှေ၊ တူ မောင်ထွန်းရှိန်၊ မောင်စောတင်၊ တောအုပ် မောင်ဘိုထိုက် တို့မှ ၁၉၀၆ ခု၊ စက်တင်ဘာ(၂၁) ရက်နေ့တွင် လှူဒါန်းသည်။

မြန်မာသက္ကရာဇ် - ၁၂၅၀ ခု

အနောက်မုခ် ရွှေမော်ဓောဘိုးဘိုးကြီးနတ်နန်းရှေ့ ခေါင်းလောင်းကား ဦးရွှေဒိုး မယ်ရှာ ဇနီးမောင်နှံမှ သက္ကရာဇ် ၁၂၅၀ခု၊ ပြာသိုလဆန်း (၁၅)  ရက်၊ အင်္ဂါနေ့တွင် လှူဒါန်းသည်။

မြန်မာသက္ကရာဇ် - ၁၂၆၂ ခု

အရှေ့ဘက်မုခ် ဓမ္မရွှေရည်ဓမ္မာရုံရှေ့တွင် ခေါင်းလောင်း (၂) လုံးရှိသည်။

  • သက္ကရာဇ် ၁၂၆၂ ခု၊ နတ်တလင်းမြို့မှ ဦးသာအောင်၊ ဒေါ်စလုံး သားသမီးတစ်စုတို့မှ လှူဒါန်းသည်။
  • မြောက်ဘက်ရှိ ခေါင်းလာင်းမှာ ဦးယော၊ ဒေါ်အုံး၊ သား ကိုဖိုးရှိန်၊ သမီး မနွေညှာ မိသားစုမှ သက္ကရာဇ် ၁၂၆၂ ခုတွင် လှူဒါန်းသည်။ အလေးချိန်ပိဿာ ၁၀၀ရှိသည်။