ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး

ဖူးမြှော်လေ့လာနိုင်သောနေရာများ
ကျောက်စာများ
15c
(က) ဓမ္မစေတီမင်းကျောက်စာ

ကောဇာသက္ကရာဇ် ၈၂၄ ခုတွင် ဓမ္မစေတီမင်း မွန်ဘာသာဖြင့် ရေးထိုးထားခဲ့သော ကျောက်စာဖြစ်သည်။ ကျောက်စာ၏ အဓိပ္ပါယ်မှာ သွားတော်ဓာတ် (၃၃) ဆူ ရာမညဒေသ သို့ ရောက်ရှိကြောင်းနှင့် ၎င်းဓာတ်တော်များ ဌာပနာသော ရှေးစေတီတော်များကို ပြုပြင် ကြောင်း ရေးသားထားသော ကျောက်စာဖြစ်သည်။ ကျောက်စာမှာ အရှေ့ဘက် စောင်းတန်းမုခ်ဦးအနီး တည်ရှိသည်။ သဲကျောက်ဖြစ်ပြီး ယခုအခါ ပြောင်ချောဖြစ်နေပြီး ဖတ်ရန်မလွယ်ကူတော့ပါ။

ကျောက်စာအချပ် - ၁၁၀ ချပ်
(ခ) အဘိဓမ္မာပိဋကတ်ကျောက်စာရုံ

နှစ်(၁၀၀)ပြည့် သာသနိကအဆောက်အဦအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ တနင်္ဂနွေထောင့်တွင် တည်ရှိသောအဘိဓမ္မာပိဋကတ်ကျောက်စာရုံကို ကောဇာ သက္ကရာဇ် ၁၂၇၄ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ကျောက်စာရုံအတွင်း ကျောက်စာအချပ် (၁၁၀) ရှိသည်။ ဤကျောက်စာရုံတွင် ပိဋကတ်အဘိဓမ္မာ(၇)ကျမ်းအနက်- (၁) ဓမ္မသင်္ဂဏီပါဠိတော် (၂) ဝိဘင်္ဂပါဠိတော် (၃) ဓာတုကထာပါဠိတော် (၄) ပုဂ္ဂလပညတ္တိပါဠိတော် (၅) ကထာဝတ္ထုပါဠိတော် (၆) ယမိုက်ပါဠိတော် စသည့် (၆) ကျမ်း ရေးထိုးထားပါသည်

(ဂ) ဇေတဝန်ကျောက်စာရုံ
ကျောက်စာအချပ် - ၂၀၉ ချပ်

အဘိဓမ္မာ (၇) ကျမ်းအနက် ပဋ္ဌာန်းကျမ်းပါဠိတော်ကို ရင်ပြင်တော်အင်္ဂါထောင့်ရှိ ဇေတဝန် ကျောက်စာရုံတွင် ရေးထိုးထားသည်။ ကျောက်စာပေါင်း (၂၀၉) ချပ်ဖြင့် ရေးထိုးပူဇော် ထားသည်။ ၁၉၈၃ ခုနှစ်တွင် ဇေတဝန်ကျောက်စာ ပိဋကတ်တိုက်အား ဦးလံဘား + ဒေါ်ကျင်မှုံ မိသားစုမှ မွမ်းမံဆောက်လုပ်လှူဒါန်းခဲ့သည်။