ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး

ဖူးမြှော်လေ့လာနိုင်သောနေရာများ
ဆုတောင်းပြည့် ဘီလူးရန်နိုင်ဘုရားနှင့် ယက္ခမယ်တော်ကြီး
ဆုတောင်းပြည့် ဘီလူးရန်နိုင်ဘုရားနှင့်
ယက္ခမယ်တော်ကြီး

ခရစ်နှစ် BC ၃၁၈ မှ ၂၆၅ အတွင်း သုဝဏ္ဏဘူမ္မိ သထုံပြည်တွင် သီရိမာသောကဘုရင် ထီးနန်းစိုးစံသည်။ ထိုစဉ်က သထုံပြည်တွင် ပင်လယ်မှရေဘီလူးမတစ်ကောင်သည် နန်းတွင်းရှိ ကလေးငယ်များကို နေ့စဉ်လာရောက်စားသောက်နေသည်။ ထိုအချိန် မဇ္စျိမဒေသမှ သောဏ ထေရ်၊ ဥတ္တရထေရ်၊ အနုရုဒ္ဓါထေရ် စသည့် မထေရ်မြတ်(၅) ပါးသည် သာသနာပြုရန် ကြွရောက် လာခဲ့သည်။ ဘီလူးမရန် ကာကွယ်ရန်အတွက် ရှင်သောဏနှင့် ရှင်ဥတ္တရမထေရ်တို့သည် ပြည်သူ များ ဘီးလူးမရန်ကင်းဝေးစေရန် အန္တရာယ်ကင်း ပရိတ်ရွတ်ပြီး မနုဿီဟပုံ ဖန်ဆင်းပြရာ ရေဘီလူးမများ ပင်လယ်ဘက်သို့ ထွက်ပြေးသွားကြလေသည်။ ထိုအချိန်မှစ၍ သထုံတွင် ဘီလူး ရန်မှကင်းဝေးခဲ့ကြသည်။ သံဃာတော်မထေရ်ကြီးများက ဗြဟ္မဇာလသုတ်ကိုဟောကြားရာ ပြည်သူခြောက်သောင်းကျော် တရားဓမ္မတည်မြဲကြလေသည်။ ယောက်ျား ၃၅၀၀ ရဟန်းပြုပြီး မိန်းမ ၁၅၀၀ ကျော် ဘိက္ခုနီမဝတ်ကြလေသည်။ ထိုအချိန်မှစ၍ ထေရဝါဒဗုဒ္ဓ သာသနာတော်သည် ရာမညတိုင်းတစ်ခုလုံး ပျံ့နှံ့ခဲ့လေသည်။

စူဠသီရိမာသောကမင်းကြီးသည် ဘီလူးရန်ကို အောင်နိုင်သော အထိမ်းအမှတ်အဖြစ် ဘီလူးရုပ်ခံပလ္လင်ခံသည့် ဘီလူးရန်နိုင် ဗုဒ္ဓဆင်းထုတော်ကို သွန်းလုပ်၍ နန်းတော်၌ ကိုးကွယ်ခဲ့ သည်။ ထို့ပြင် ပလ္လင်၌ ဘီလူးရုပ်ထုထားသော ဘီလူးရန်နိုင်ဘုရားကို သွားတော်ဓာတ်ထည့်သည့် ရွှေအိုးနှင့်အတူ ပဲခူးတွင်စေတီတည်ပြီး သာသနာသက္ကရာဇ် ၂၃၈ ခုတွင် ဌာပနာတည် ရေစက်ချ လှူဒါန်းခဲ့သည်။ ဘီလူးရန်နိုင် ရုပ်ပွားတော် ပျက်စီးမည်ကို စိုးရိမ်၍ မြောက်ဘက်ပန်းတင်ခုံ အတွင်း ဌာပနာကာ ရုပ်ပွားတော်မြတ်တည်ရှိသောနေရာသိရှိရန် ခေါင်းလာင်းပုံအထက်ပိုင်း မြောက်အရပ်တည့်တည် ပန်းဆွဲတွင် ဘီလူးရုပ်ကို ထည့်သွင်းထုလုပ်ထားကြသည်။ မြောက် အရပ်တွင် ထားရှိခြင်းမှာ စတုမဟာရစ်နတ်မင်းကြီးလေးပါးအနက် ကုဝေရဘီလူးနတ်မင်းသည် မြောက်အရပ်ကို စောင့်ရှောက်သောကြောင့် မြောက်အရပ်တွင်ထားရှိခြင်းဖြစ်ပါသည်။

နောက်ဆုံး ငလျင်လှုပ်သောအခါ ဘီလူးရန်နိုင်ဆုတောင်းပြည့် ရုပ်ပွားတော်မှာ မကျိုးမပျက်ဘဲ အုတ်ပုံကြား မှ ပြန်တွေ့ပြီး ယက္ခမယ်တော်ဘီလူးရုပ်ထုမှာလည်း ပြန်လည်တွေ့ရှိသဖြင့် ဘုရားပလ္လင်အောက် တွင် ထားရှိကာ ဘီလူးရုပ်ခံပလ္လင်အဖြစ် စေတီတော်ကြီး၏ ဒုတိယပစ္စယံတွင် တည်ထား ကိုးကွယ်ထားသည်။ ယက္ခမယ်တော်ကြီးမှာ ရွှေမော်ဓောဘုရားကြီးအား စောင့်ရှောက်လျက်ရှိပြီး ဆုတောင်းပြည့်သည်။ ယုံကြည်စွာ ပူဇော်ကိုးကွယ်သူများအား ဆုတောင်းအတိုင်းပြည့်ဝကြောင်း  ကိုယ်တွေ့သူများ အများကြီးရှိကြသည်။ ယက္ခမယ်တော်ကြီး ရုပ်ပွားတော်မှာ ဒုတိယပစ္စယံတွင် တည်ရှိ၍ အောက်တွင် ဓာတ်တော်မွေတော်များရှိရာ အမျိုးသမီးများအပေါ်သို့ တက်ရောက် ဖူးမြော်ခွင့် မရှိပါ။ အောက်ပစ္စယံတွင် အမျိုးသမီးများ နေရာတကျဖူးမြော်နိုင်ရန်အတွက် ဂေါပက အဖွဲ့မှ အဆောင်ဆောက်ရန် စည်းဝေးတိုင်ပင်ရာ နောက်နေ့တွင် မယ်တော်ကြီးပူဇော်ဆောင် ဆောက်လုပ်ရန် လိုအပ်သောငွေအား ယိုးဒယားတွင် အလုပ်လုပ်နေသော အမျိုးသမီးတစ်ဦး၊ ယိုးဒယားတွင် အိမ်မက်မက်၍ ဖောင်ကြီးမှ ၎င်း၏မိခင်က မယ်တော်ကြီးအဆောင် ဆောက်လုပ် ရန် လှူဒါန်းသွားလေသည်။

ဘေးရန်ကာကွယ်ရန်၊ လုပ်ငန်းအောင်မြင်ရန် ဆုတောင်းပြည့်ကြောင်း ပြည်တွင်းပြည်ပ ဘုရားဖူးများက ယုံကြည်အားကိုးကြသည်။

 

ယခုဂေါပကလက်ထက်တွင် ဆုတောင်းပြည့်ဘုရားဆောင်နှင့် ဘုရား ခန်းတို့အား အသစ်ဆောက်လုပ်ပြီး ရွှေသင်္ကန်းကပ်လှူခြင်း၊ မယ်တော်ကြီးရုပ်ထုအား သစ်လွင် လှပအောင် ဆေးသုတ်မွမ်းမံခြင်း၊ နားကပ်များ အသစ်လှူဒါန်းခြင်းများအား ဂေါပကအဖွဲ့ ခွင့်ပြုချက်ဖြင့် အလှူရှင် တံခွန်ဦးကုမ္ပဏီပိုင်ရှင် ဦးမျိုးဝင်းမိသားစုမှ လှူဒါန်းခဲ့ပါသည်။