ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး

ဘုရားသမိုင်း
ပဲခူး ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး သမိုင်း

ပဲခူး ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး သမိုင်း

သုံးလောကထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားသည် ရာဇဂြိုလ်ပြည် သကုလတောင်ချယား တောတွင် သီတင်းသုံးတော်မူစဉ် ဒုံဇိုင်းတူမြို့(ယခု) ဇောင်းတူမြို့နေ စူဠသာလနှင့် မဟာသာလ ကုန်သည်ညီနောင်တို့သည် မြတ်စွာဘုရား၏ သတင်း ကောင်းကို ကြားသိရ၍ အလွန်ဝမ်းမြောက် ကြည်နူးပြီး ဆွမ်းခဲဘွယ်ဘောဇဉ်များနှင့် လှူဘွယ်ဝတ္တုများကို စီမံဆောင်ရွက်ကာ မြတ်စွာဘုရား ထံမှောက် ရိုသေ လေးမြတ်စွာ ရိုခိုးဦးညွတ်ပြီး လှူဒါန်းပူဇော်ကြသည်။

စူဠသာလနှင့် မဟာသာလ ကုန်သည်ညီနောင်တို့သည် မြတ်စွာဘုရား၏ တရားတော်ကို နာယူပြီး ရတနာသုံးပါးနှင့်တကွ သီလတော်မြတ်ကို ဆောက်တည်ကြကုန်၏။ ကုန်သည်ညီနောင် တို့သည် ငါတို့၏ မိဘများနှင့် မြို့သူမြို့သားတို့သည် ဤကဲ့သို့ မြတ်စွာဘုရား၏ တရားတော်အစစ် အမှန်ကို နာခံကြရမူကား လောကသံသရာနှစ်ဖြာ ကောင်းကျိုးအလွန်တိုးတက်ကုန်လတ္တံ့ဟု ကြံစည်ကြပြီးလျှင် မြတ်စွာဘုရားအား ဒုံဇိုင်းတူဒေသသို့ ကြွရောက်ပြီး တရားရေအေး အမြိုက် ဆေးကို တိုက်ကျွေးတော်မူရန် မဟာဂရုဏာရှင်တော် မြတ်စွာဘုရားအား ပင့်လျှောက်ထား တောင်းပန်တော်မူလေသည်။

ထို့သို့လျှောက်ထားသော် မြတ်ဘုရားသည် ပြလတ္တံ့အမှန် အနာဂတံကို သိမြင်နိုင်သော ဉာဏ်တော်ဖြင့် ဆင်ခြင်တော်မူပြီး နောင်သောအခါ ငါဘုရား၏ ဆံတော်ဓာတ်မြတ် ကိန်းဝပ်တော်မူရာ ဒုံဇိုင်းတူမြို့(ဇောင်းတူမြို့)နယ် မပါဝင်ဖြစ်သော အရပ်၌ ဟံသာဝတီ မည်သောပြည်ကြီး တည်ထွန်းဖြစ်ပေါ်လတ္တံ့။

ထိုပြည်ကြီး၌ သမလမင်းမှစ၍ မင်းအဆက်ဆက်တို့သည် ငါဘုရား၏ သာသနာတော်ကို ကြည်ညိုကာ အလွန်ပင်ထွန်းလင်း တောက်ပတော်မူမည်ကို မြင်တော်မူလေသည်။ ထို့ကြောင့် လက်ယာလက်ဖြင့် ဦးခေါင်းတော်ကို သုံးသပ်တော်မူလျှင် နှစ်ဆူသော ဆံတော်ဓာတ်တို့သည် ကြည်လင်တောက်ပစွာ အလိုလိုလက် တော်၌ ကပ်ငြိပါလာတော်မူလေသည်။ ထိုဆံတော်မြတ်နှစ်ဆူကို စူဠသာလနှင့်မဟာသာလ တို့အား နောင်ဗုဒ္ဓသာသနာအရှည်အဓွန့်ရှည် တည်တံ့စေရန် ပေးသနားတော်မူလေသည်။ ထိုဆံတော်နှစ်ဆူအား ကုန်သည်ညီနောင်တို့သည် အလွန်ပင်ဝမ်းမြောက်ဝမ်းသာ လက်ခံပြီး ဦးတိုက်ရှစ်ခိုးကာ ပင့်ဆောင်ရန် စီစဉ်ကြလေသည်။ သိကြားမင်းသည် ချက်ချင်းသိတော်မူပြီး ဆံတော်ထည့်ရန် ရတနာရွှေကြုတ်ကို ပတ္တမြားအဖုံးနှင့်တကွ ဖန်ဆင်းပြီး ဆံတော်မြတ်နှစ်ဆူ ထည့်ရန် ကုန်သည်ညီနောင်အား ပေးလေသည်။

ကုန်သည်ညီနောင်တို့သည် မြတ်စွာဘုရားအား ဆံတော်နှစ်ဆူကို မည်သည့်နေရာဌာန တွင် တည်ထားကိုးကွယ်ရအံ့ဟု လျှောက်ထားရာ မြတ်စွာဘုရားက ဟံသာဝတီမည်သောအရပ် ၏ အနောက်ဘက် မနီးမဝေးသောအရပ်ရှိ သုဒဿနတောင်ထိပ်တွင် ဌာပနာပြီး ကိုးကွယ်ကြရန် ဗျာဒိတ်စကား မိန့်ကြားတော်မူလေသည်။ ကုန်သည်ညီနောင်တို့အားလည်း သုဒဿနတောင်ခေါ် ဟံသာဝတီတောင်ကား သမုဒ္ဒရာအလယ် ရှေးဦးစွာပေါ်ထွန်းပြီး ငါဘုရားကိုယ်စား ဆံတော်မြတ် နှစ်ဆူကို ဌာပနာရန် ဌာနကို နတ်သိကြားတို့ကိုယ်တိုင် ညွှန်ပြကုန်လတ္တံ့ဟု မိန့်ကြားတော်မူ လေသည်။

မဟာသက္ကရာဇ် ၁၀၉ ခုတွင် မဟာသာလနှင့် စူဠသာလကုန်သည်ညီနောင်တို့သည် မြတ်စွာဘုရား၏ ဗျာဒိတ်တော်ကို ကြားရလျှင် အလွန်ဝမ်းမြောက်ကြည်လင်ကာ ဆံတော် ဓာတ်မြတ် ကိန်းဝပ်သော ရတနာရွှေကြုတ်တော်ကို သင်္ဘောဖြင့် တင်ယူပင့်ဆောင်ကာ ပြန်လာကြလေသည်။ ဆံတော်မြတ်၏ တန်ခိုးတော်ကြောင့် သမုဒ္ဒရာလမ်းခရီး၌ အလွန်ကြီးသော လေပြင်းမုန်တိုင်း၊ လှိုင်းစသော ဘေးအန္တရာယ်အသွယ်သွယ်တို့မှ လွယ်ကူချမ်းသာစွာ လွတ်ကင်း ၍ မကြာမီပင် မိမိနေရပ် ဇောင်းတူမြို့သို့ ဆိုက်ရောက်ကြလေသည်။ ဇောင်းတူသို့ရောက်လျှင် ဖခင်သူဌေးကြီး ပိဏ္ဍိကနှင့် သူဌေးကတော် သုမနကလျာဏီ ဇနီးမောင်နှံနှင့်တကွ မြို့သူမြို့သား နယ်သူနယ်သားအားလုံးတို့သည် စုရုံးရောက်ရှိလာကြကာ ဆံတော်ဓာတ်မြတ်ရောက်ရှိလာ ကြောင်း သထုံဘုရင် သီဟရာဇာဘွဲ့ခံ မဏ္ဍလိပ်မင်းကြားသိရာ မိဖုရားမောင်းမမိဿံ ရဲမက် ဗိုလ်ဗာ ခြွေရံသင်းပင်းများ၊ ဆင်တပ်၊ မြင်းတပ်များဖြင့် ချီတက်လာပြီး အလွန်ကြည်ညိုစွာ ဖူးမျှော်ပူဇော်ကြလေသည်။ မင်းကြီးလည်း ဆံတော်မြတ်ကို အလွန်ကြည်ညိုတော်မူ၍ အထူးတင့်တယ်ကြီးကျယ်ခန့်ညား ဆန်းပြားလှစွာသော တန်စောင်းပြဿဒ်ကြီး တစ်ဆောင်ကို ဆောက်လုပ်ပြီး ဆံတော်ဓာတ်မြတ်ထားရှိ ပူဇော်လေသည်။ တူရိယာအမျိုးမျိုး တီးမှုတ်ကာ ပွဲလမ်းသဘင်များဖြင့် ဆင်ယင်ကျင်းပပူဇော်ကြလေသည်။

သထုံဘုရင် သီဟရာဇာသည် ဘုရားရှင်ဗျာဒိတ်ပေးတော်မူသော သုဒဿနတောင်တော် ကိုရှာဖွေရန် အဂ္ဂမဟာသေနာပတိအမတ်ချုပ်ကြီး “အမတ်ဟန်”ကို လူပေါင်း(၃၀၀)နှင့်အတူ ရှာဖွေရန် စေလွှတ်တော်မူလေသည်။ မဟာသက္ကရာဇ် (၁၁၃) ခုနှစ်တွင် သိကြားမင်း၏ လမ်းညွှန် ချက်အရ ခဏချင်းပင် ဗျာဒိတ်တော်အတိုင်း သုဒဿနတောင်တော်ကို လွယ်ကူစွာ ရှာဖွေတွေ့ရှိ လေသည်။ သေနာပတိအမတ်ချုပ်ဟန် မြတ်စွာဘုရား၏ ဗျာဒိတ်တော်အရ သုဒဿနတောင် တော် မှန်ကန်ပါလျှင် အတိတ်နမိတ်တစုံတရာပြစေသောဝ်ဟု အဓိဋ္ဌာန်ပြုရာ ခဏအကြာ နှစ်သိန်းလေးသောင်းထုရှိသော ဤမဟာပထဝီမြေကြီးသည် တော်လဲသံ ပဲ့တင်ဟီးလျက် တုန်လှုပ်ကာ ဟုတ်မှန်ကြောင်း သက်သေခံလေတော့သည်။ ဤသို့ အတိတ်နမိတ်တုန်လှုပ်သော အခါ စတုမဟာရာဇ်တာဝတိံသာမှစ၍ ဗြဟ္မာပြည်တိုင်အောင် နတ်သိကြား ဗြဟ္မာတို့သိကြပြီး သုဒဿနတောင်တော်သို့ လာရောက်ကြကုန်၏။ မဇ္ဈိမဒေသမှ ရဟန္တာရှစ်ပါးတို့ ဈာန်အဘိညာဉ် ဖြင့် ကြွရောက်တော်မူပြီး ဝိုင်းဝန်းကူညီကြလေ၏။ အမတ်ချုပ်ဟန်သည် တောင်တော်ကို ရှင်းလင်းပြီး ဌာပနာတိုက်တော်ကို တူးဖော်လေသည်။

ဌာပနာတိုက်တော်သည် အစောက် (အနက်) အတောင်(၄၀)၊ အနံ(၂၀)၊ အလျား(၂၀) စတုရန်းအတောင်(၈၀) ရှိလေသည်။ အလျား အတောင်(၂၀) အနံထုအားဖြင့် တမိုက်နှင့်လက်လေးသစ်ရှိသော စိန်မြတို့ဖြင့် စီးချက်အက်သော ကျောက်ပြားကိုခင်း၍ နံရံလေးဘက် မျက်နှာတို့၌ ကာရံလေသည်။ သိကြားဗြဟ္မာတို့သည် စိန်မြ တို့ဖြင့် စီချယ်အပ်သော ကျောက်ပြားများဖြင့် ကာရံပြီး ဌာပနာရန် ရုပ်ထုအစရှိသည့် အလုံးစုံ ဖန်ဆင်းစီစဉ်ပြီး နတ်၊ သိကြား၊ ဗြဟ္မာတို့သည် မိမိနေရာ ဘုံဗိမာန်သို့ အသီးသီးပြန်ကြလေသည်။

 

ဇောင်းတူမြို့နှင့် သုဒဿနတောင်တော်သည် နှစ်ယူဇနာမျှ ဝေးကွာရာ လမ်းခရီးတွင် မဆင်ပြေရန် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ မြေဖို့မြေညှိခြင်းများအား ပြည်သူပြည်သား အပေါင်းတို့သည် ဝမ်းမြောက်ပျော်ရွှင်စွာ ပြုလုပ်ကြလေသည်။ ဆံတော်ဓာတ်မြတ် ကိန်းဝပ်ရာ ရတနာရွှေကြုတ်ကို မြင်းရထားပေါ်တင်ကာ ညီညာပြေပြစ်သော လမ်းခရီးဖြင့် သုဒဿနတောင် ဌာပနာတိုက်သို့ ရှေ့ရှုပင့်ဆောင်ကြလေသည်။ ဇောင်းတူမြို့မှ သုဒဿနတောင် ခရီးတဝက်တွင် တောပန်းအဖုံဖုံတို့ဖြင့် ဖူးပွင့်ဝေဆာ သာယာစိမ်းဆိုသော တောအုပ်ကြီးကို ဖြတ်သန်းလာကြရာ ခပ်သိမ်းသော နတ်လူတို့၏ ပူဇော်ခြင်းအမျိုးမျိုးကို ခံယူတော်မူရန် ရပ်တန့်တော်မူရာ ရပ်တန့် ပူဇော်ခံရာ တောအုပ်ကြီးကို တန့်တောကြီးဟု ခေါ်ကြလေသည်။ ကာလကြာညောင်းလာသော အခါ တန့်တော်ကြီးအစား ထန်းတောကြီးဟု ယခုတိုင် ခေါ်ဝေါ်လျက် ရှိကြလေသည်။

 

သုဒဿနတောင်သို့ ရောက်သောအခါ ဌာပနာတိုက်အလယ်တွင် သိကြားမင်းဖန်ဆင်း သော ဌာပနာတိုက်အလယ် ရွှေပုခက်ပေါ်သို့ ဆံတော်ဓာတ်မြတ်အား ကိန်းဝပ်ကာ အရှေ့ဘက် တွင် သိကြားမင်းနတ်မင်းတို့သည်လည်းကောင်း၊ အနောက်ဖက်တွင် ဇောင်းတူမြို့သူမြို့သားများ သည်လည်းကောင်း၊ မြောက်ဘက်တွင် အမတ်ကြီးဟန်နှင့် လက်နက်စစ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသော စစ်သည်တော်များသည်လည်းကောင်း၊ တောင်ဘက်တွင် ဗြဟ္မာမင်းနတ်မင်း တို့သည် အသီးသီးနေရာယူပြီး ပူဇော်ကြလေသည်။ ထို့နောက် ဌာပနာတိုက်တော်တွင် သိကြား မင်း၊ သူဌေးကြီး ပိဏ္ဍိကနှင့် သူဌေးကတော် သုမနကလျာဏီ၊ စူဠသာလ၊ မဟာသာလ ညီနောင်၊ အမတ်ချုပ်ဟန်နှင့် မြို့သူမြို့သားတို့သည် ရွှေငွေစိန်ကျောက် ပတ္တမြားများဖြင့် ဘုရားရှင့်နှင့်ဆွေ တော်မျိုးတော်များ၊ ရဟန္တာပုဂ္ဂိုလ်များအား အဂ္ဂသာဝက၊ မဟာသာဝက စသည့် ရုပ်ပွားတော်များ ထုလုပ်ပြီး အသီးသီးထည့်သွင်းစီစဉ်ကြလေသည်။ ထို့နောက် သိကြားမင်းသည် အလွန်ကြောက် မက်ဖွယ်ကောင်းသော ယန္တရားစက်ကို အဝနှင့်အောက်ဘက်တွင် အလွန်ခိုင်ခံ့လုံခြုံအောင် စီမံဖန် တီးလေသည်။

 

ဌာပနာတိုက်တော်ကို အရှည်တည်တံ့ အဓွန့်ရှည်စွာ တည်ရှိရန်စီစဉ်ပြီး ရွှေအုပ်ချပ်ရေ တစ်သောင်း၊ ပတ္တမြားအုပ်ချပ်ရေ တစ်ထောင့်ရှစ်ရာတို့ကို မြကျောက်သရွတ်လောင်းပြီးကောင်း မွန်စွာသေချာစွာ စေတီပြုလုပ်ကြလေသည်။ ထိုအုတ်တို့အထက်၌ သံအုတ်တို့ဖြင့် စေတီတည် ပြန်သည်။ သံအုတ်တို့၏အထက်၌ မြေအုတ်ဖြင့် စေတီတည်ပြန်သည်။ ဤသို့အဆင့်ဆင့် အထပ်ထပ် စေတီတည်ပြီး အလုံးစုံပြီးမြောက်လေသော် စေတီတော်မြတ်ကြီးသည် ဉာဏ်တော် အတောင်ငါးဆယ်၊ လုံးပတ်တော် အတောင်နှစ်ရာ့ငါးဆယ် ရှိလေသည်။ မဟာသက္ကရာဇ်(၁၁၅)ခု တန်ခူးလဆန်းတစ်ရက်၊ စနေနေ့ ကောင်းမြတ်သော မင်္ဂလာအချိန်အခါတွင် ဌာပနာတိုက်နှင့် တကွ စေတီတော်မြတ်ကြီး တည်ထားကိုးကွယ်မှု ပြီးမြောက်အောင်မြင်လေသည်။ စေတီတော် ကြီး၏ဘွဲ့တော်ကိုလည်း ဘုရားရှင်ကောင်းကင်ခရီးဖြင့် ဒေသစာရီကြွချီတော်မူစဉ် ခေတ္တရပ်တန့် သည့် အစွန်နေရာဖြစ်၍ ကျိုက်မူတားဟု မွန်ဘာသာဖြင့် ခေါ်တွင်လေသည်။ ကျိုက်=ဘုရား၊ မူ=အစွန်း၊ ဘေးမှာရပ်တည်၊ မွန်ဘာသာဖြင့် ဘုရားရှင်ရပ်တော်မူရာ အစွန်အဖျားနေရာဟု အဓိပ္ပာယ်ရသည်။ တဖြည်းဖြည်း ကျိုက်မူတားမှ ကျိုက်မော်တော၊ ၎င်းမှ ရွေ့လျားလာသောအခါ ကျိုက်မော်တော-ရွှေမော်တောဟု ပြောင်းလဲလာခဲ့သည်။

ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘုရင်အဆက်ဆက် ပြုပြင်ခြင်း

ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘုရင်အဆက်ဆက် ပြုပြင်ခြင်း

မဟာသက္ကရာဇ် (၂၁၈) ခုတွင် သီရိဓမ္မာသောကမင်းကြီးသည် ရွှေမော်ဓောစေတီတော် အား ထပ်မံပြုပြင်မွမ်းမံတော်မူလေသည်။

သာသနာသက္ကရာဇ် (၁၃၆၉) ခု

ကောဇာသက္ကရာဇ် (၁၈၇) ခုနှစ်၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သက်တော် (၁၄၀၂) တွင် ဟံသာဝတီနေပြည်တော် ပေါ်လာပြီး သမလမင်း နန်းတက်သည်။ သမလမင်းသည် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဉာဏ်တော် (၄) တောင်အထိ တိုးမြှင့်ပြုပြင် တည်ဆောက်သည်။

သာသနာသက္ကရာဇ် (၁၃၉၈) ခု

သာသနာသက္ကရာဇ် (၁၃၉၈) ခုနှစ်တွင် နန်းတက်သော အဿကုမ္မာမင်းသည် သက်တော် (၁၄၃၁) နှစ်ရှိပြီဖြစ်သော ရွှေမော်ဓောစေတီတော်မြတ်ကြီးအား (၆) တောင်ထပ်မြှင့်ကာ စုစုပေါင်း (၆၅) တောင်အထိ တိုးမြှင့်ပြုပြင်တည်ဆောက်ပြီး ထီးတော်တင်လှူပူဇော်လှူဒါန်းခဲ့သည်။

သာသနာသက္ကရာဇ် (၁၄၁၂) ခု

သာသနာသက္ကရာဇ် (၁၄၁၂) ခုနှစ်တွင် ဟံသာဝတီ၌ မဟိံသရာဇာ နန်းတက်သည်။ ထိုမင်းလက်ထက် ငလျင်ကြီးစွာလှုပ်ပြီး မုန်တိုင်းလေပြင်းကြီးစွာတိုက်ခတ်လေသည်။ ထို့ကြောင့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ထီးတော် အနောက်ဘက်သို့ လွင့်စင်ကျတော်မူပြီး စေတီတော်လည်း ဆတ်သွားဖူးမှ ရွဲလုံးအထိ ပြိုကျပျက်စီးလေသည်။ တော်လဲသံမြည်ခြင်း၊ ဥက္ကာပျံများ စသည့် နိမိတ်ကြီးလေးပါး ထင်ပေါ်လာသည်။ ထိုမဟိန္သရာဖာမင်းသည် ငလျင်ကြောင့် ပြိုကျသွားသည့် စေတီတော်မြတ်အား ဉာဏ်တော် (၇၅) တောင်အထိ အသစ်ပြုပြင်မွမ်းမံ၍ ရတနာ(၇) ပါး ဖြင့် တန်ဆာဆင်သော ထီးတော်ကိုတင်လှူပြီး စေတီတော်အား ရွှေသင်္ကန်းအပြည့် ကပ်လှူ တော်မူသည်။ နိမိတ်ကြီးလေးပါး ထင်ပေါ်လာပြီးနောက် ဟံသာဝတီပြည်သည့် ၁၇ နှစ်တိုင်တိုင် အုပ်ချုပ်သူမင်းများ ကင်းမဲ့ပြီး မင်းမဲ့တိုင်းပြည် ဖြစ်ခဲ့ရသည်။ တိုင်းပြည်ဖရိုဖရဲ ဖြစ်နေစဉ် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သံဃာတော်မထေရ်မြတ်ကြီးများတိုင်ပင်ပြီး ထိန်းသိမ်းစောင့်ရှောက်တော်မူကြသည်။

သာသနာသက္ကရာဇ် (၁၄၆၁) ခု

သာသနာသက္ကရာဇ် (၁၄၆၁) ခုနှစ်တွင် နန်းတက်သော မိဂါဒိပ္ပမင်းသည် သက်တော် (၁၉၄၉) နှစ်ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ထီးတော်ဆပ်သွားဖူးမှ အောက်သို့ သုံးပုံအရောက် ပိန္နဲတိုင်ကျိုး၍ အရှေ့မြောက်သို့ ကိုင်းလျက်ရှိသည်ကိုတွေ့ရ၍ (၇) တောင်ထပ်မြှင့်ပြီး ဉာဏ်တော် (၈၇) တောင် အထိ တိုးမြှင့်မွမ်းမံတော်မူလေသည်။ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်ကာ ရတနာ (၇) ပါးဖြင့် တန်ဆာဆင်အပ်သော ရွှေထီးတော်ကို တင်လှူပူဇော်လေသည်။

သာသနာသက္ကရာဇ် (၁၄၈၆) ခု

သာသနာသက္ကရာဇ် (၁၄၈၆) ခုတွင် နန်းတက်သော ကာရဝိကမင်းသည် သက်တော် (၁၅၈၉) နှစ်ရှိသော ရွှေမော်ဓောစေတီတော်မြတ်ကြီးအား (၃) တောင် ထပ်မြှင့်ကာ တည်ထား ပူဇော်တော်မူလေသည်။ 

သာသနာသက္ကရာဇ် (၁၅၁၁) ခု

သာသနာသက္ကရာဇ် (၁၅၁၁) ခုနှစ်တွင် ဟံသာဝတီပြည်၌ သတ္ထသာရမင်း နန်းတက်သည်။ ထိုမင်းသည် သက်တော် (၁၅၄၄) နှစ်ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား (၄)တောင်ထပ် မြှင့်ပြီး ရွှေသင်္ကန်းအပြည့် ကပ်လှူတော်မူသည်။ ရွှေဆည်းလည်း (၇၀)၊ ငွေဆည်းလည်း (၁၅၀) တို့ကိုလည်း ထီးတော်တွင် ဆွဲစေပြီး ရတနာ(၇)ပါးဖြင့် တန်ဆာဆင်အပ်သော ထီးတော်ကို ကပ်လှူပူဇော်တော်မူသည်။

သာသနာသက္ကရာဇ် (၁၃၈၁) ခု

ကောဇာသက္ကရာဇ် (၁၉၉) ခုနှစ်တွင် နန်းတက်သော ဝိမလမင်း သည်လည်း သက်တော်(၁၄၁၄) နှစ်ပြီဖြစ်သော ရွှေမော်ဓောစေတီတော်မြတ်ကြီးကို (၅) တောင် ထပ်မြှင့်ကာ ဉာဏ်တော် (၅၉) တောင်ထိ တိုးမြှင့်တည်ဆောက်ကာ လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူတော်မူလေသည်။

သာသနာသက္ကရာဇ် (၁၄၀၅) ခု

သာသနာသက္ကရာဇ် (၁၄၀၅) ခုနှစ်တွင် နန်းတက်သော အရိန္ဒမမင်းသည် သက်တော် (၁၄၃၈) နှစ်ရှိပြီဖြစ်သော ရွှေမော်ဓောစေတီတော်မြတ်ကြီးအား (၇) တောင် တိုးမြှင့်ပြီး ဉာဏ်တော် (၇၂) တောင်ထိ တိုးမြှင့်တည်ဆောက်ကာ လုံးတော်ပြည့် ရွှေသင်္ကန်း ဆက်ကပ်တော်မူလေသည်။

သာသနာသက္ကရာဇ် (၁၄၄၆) ခု

သာသနာသက္ကရာဇ် (၁၄၄၆) ခုတွင် မိဂိန္ဒရာဇာမင်း နန်းတက်သည်။ ထိုမင်းသည် အနောက်ဘက် တံတိုင်း ၁၂ တောင်ခန့် ပျက်စီးနေသည်ကို ပြုပြင်တော်မူပြီး စေတီတော်ကို (၅) တောင် ထပ်မြှင့်ကာ အတောင် (၈၀) ထိတိုးမြှင့်ပြီး ရွှေထီးတော်တင်လှူတော်မူသည်။ ရွှေသင်္ကန်းလည်း အပြည့်ကပ်လှူတော်မူသည်။

သာသနာသက္ကရာဇ် (၁၄၇၆) ခု

သာသနာသက္ကရာဇ် (၁၄၇၆) ခုတွင် နန်းတက်သော ဂိဇ္ဇဒိယမင်းသည် သက်တော် (၁၅၀၆) ခုနှစ်ရှိသော ရွှေမော်ဓောစေတီတော်အား (၂) ထောင် ထပ်မြှင့်ကာ ဉာဏ်တော် (၈၆) တောင်ထိ မြှင့်ကာ ရတနာ(၇) ပါးဖြင့် တန်ဆာဆင်အပ်သော ဘုံ(၇) ဆင့်ရှိ ထီးတော်ကို တင်လှူပူဇော်တော်မူသည်။

သာသနာသက္ကရာဇ် (၁၄၉၈) ခု

သာသနာသက္ကရာဇ် (၁၄၉၈) ခုတွင် နန်းတက်သော ပဉ္စလရာဇာမင်းသည် သက်တော် (၁၅၃၁) နှစ်ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား (၈) တောင်မြှင့်ပြီး အတောင် (၁၀၀) တိုးမြှင့် တော်မူလေသည်။ ထိုမင်းသည် ရွှေချိန် (၃၀) ပိဿာအား ပုဇွန်ခွံခတ်၍ ရွှေထီးတော်အထက် ဆပ်သွားဖူးကို ရွှေချိန်သုံးပိဿာဖြင့်ပူဇော်ကာ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပါသည်။

သွားတော်ဓါတ် ထပ်မံဋ္ဌာပနာခြင်း

သွားတော်ဓါတ် ထပ်မံဋ္ဌာပနာခြင်း

သာသနာသက္ကရာဇ် ၁၅၂၆ ခုနှစ်၊ အနုရာမမင်း နန်းတက်သည်။ ထိုမင်းလက်ထက် မဇ္စျိမ တိုင်းမှ သာသနာပြုရန် ကြွရောက်လာသော ဂဝံပတိမထေရ်မှ သထုံဘုရင် သိရိမာသောက မင်းကြီးထံ ဆက်ကပ်သော ဗုဒ္ဓ၏သွားတော်ဓာတ်အနက် တစ်ဆူကို ဟံသာဝတီက ရရှိရာ ဆံတော်ဓာတ် ကိန်းဝပ်ရာ ရွှေမော်ဓောစေတီတော်၌ပင် ပူဇော်လေသည်။ စေတီတော်၏ အရှေ့ မြောက် တနင်္ဂနွေထောင့်မှ ဉမင်လှိုဏ်ခေါင်း တူးဖောက်ပြီး ရွှေပန်းတောင်းနှင့် ထည့်သွင်း ဌာပနာတော်မူသည်။ ပြီး ကျောက်အုတ်တို့ဖြင့် ခိုင်ခံ့စွာပိတ်ပြီး ရွှေမော်ဓောစေတီတော်မြတ်ကြီး ကို (၂၂)တောင်တိုးမြှင့်ကာ ဉာဏ်တော်(၁၂၆)တောင်ထိ အမြင့်တည်ရှိစေသည်။ ထို့ပြင် နဝရတ် (၉)ပါးဖြင့် အထူးစီခြယ်မွမ်းမံအပ်သော ထီးတော်ကို တင်လှူပြီး လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ်လေသည်။ ထို့ကြောင့် အနုရာမမင်းလက်ထက်မှစ၍ ရွှေမော်ဓောစေတီတော်မြတ်ကြီး တွင် ဆံတော်(၂)ဆူအပြင် သွားတော်ဓာတ်(၁)ဆူပါ ကိန်းဝပ်စံပါယ်လျက်ရှိပါသည်။

သာသနာသက္ကရာဇ် ၁၅၃၈ ခုနှစ်တွင် မိဂါဒိပ္ပငယ်မင်း နန်းတက်ပြီး သက်တော် ၁၅၇၁နှစ် ရှိပြီဖြစ်သော ရွှေမော်ဓောစေတီတော်မြတ်ကြီးကို (၄) တောင် ထပ်မြှင့်ရာ အမြင့် (၁၃၀) တောင် အထိ တိုးတက်မြင့်မားလာခဲ့သည်။ ၎င်းမင်းလက်ထက် ရတနာ(၇)ပါးဖြင့် ဆင်ယင်ထားသော ရွှေထီးတော်တွင် ရွှေဆည်းလည်း (၇၀)၊ ငွေဆည်းလည်း (၁၀၀)၊ ပဉ္စလောဟာဆည်းလည်း (၅၀) တို့ကို ဆွဲတင်တော်မူသည်။ စိန်ကျောက်လုံးရေ (၁၀၀)၊ ပတ္တာမြားကျောက်လုံးရေ (၅၀)၊ မြကျောက်လုံးရေ (၂၀၀) တို့ကိုလည်း ဆပ်သွားဖူးငှက်မြတ်နားတွင် လှပစွာ စီခြယ်တော်မူသည်။ ဖိနပ်တော်မှ ချယားသီးအထိ ရွှေသင်္ကန်းအပြည့် ဆက်ကပ်လှူဒါန်းတော်မူသည်။

သာသနာ ၁၅၄၈ ခုနှစ်တွင် အဂ္ဂသမန္တရာဇာမင်း နန်းတက်သည်၊ ထိုမင်းသည် သက်တော် (၁၅၈၁)နှစ် ပြည့်ပြီးဖြစ်သော ရွှေမော်ဓောစေတီတော်မြတ်ကြီးကို (၆) တောင်တိုးမြှင့်ပြီး ဉာဏ်တော် (၁၃၆) တောင်အထိ တိုးမြှင့်ပြုပြင်၍ သံချိန်ပိဿာ (၉၀၀)ကို ထီးတော်အခံပြုပြီး အပေါ်တွင် ကြေး (၃) ပိဿာ နှစ်ရာကွပ်၍ ရွှေချိန် (၉) ပိဿာ၊ ငွေပြားပိဿာ (၃၀) ကို တင့်တယ်စွာ တန်ဆာဆင်၍ တင်လှူပူဇော်လေသည်။ စုစုပေါင်း ရွှေဆပ်သွားဖူး ရွှေငှက်မြတ်နား စုစုပေါင်း ရွှေချိန်တစ်သောင်း လေးထောင့်နှစ်ဆယ့်ငါးကျပ် တန်ဖိုးရှိလေသည်။ လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူတော်မူလေသည်။

သာသနာ ၁၅၆၀ ခုနှစ်တွင် ဟံသာဝတီနေပြည်တော်တွင် ဥပ္ပလရာဇာမင်းနန်းတက်သည်။ ဤမင်းသည် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား (၃)တောင်မြှင့်ပြီး ဖိနပ်တော်လေးမျက်နှာကို လည်း တစ်ဆယ့်ငါးတောင်စီ ဖွင့်တော်မူသည်။ ထို့နောက် ဖိနပ်တော်မှ ချယားသီးအထိ ရွှေသင်္ကန်းအပြည့် ဆက်ကပ်တော်မူသည်။

သာသနာ ၁၅၇၂ ခုနှစ်တွင် နန်းတက်သော ပုဏ္ဍရိကမင်းသည် သက်တော် ၁၆၀၅ နှစ်ရှိပြီ ဖြစ်သော ရွှေမော်ဓောစေတီတော်မြတ်ကြီးကို (၇) တောင်မြှင့်ပြုပြင်ရာ ဉာဏ်တော် ၁၄၆ တောင် ထိ တိုးတက်လာခဲ့သည်။ ဖိနပ်တော်မှ စိန်ဖူးတော်အထိ ရွှေသင်္ကန်းအပြည့် ဆက်ကပ်လှူဒါန်း သည်။

သာသနာ ၁၅၈၇ ခုနှစ်တွင် နန်းတက်သော တိဿမင်းသည် အယူမှားပြီး မြတ်စွာဘုရား၏ သာသနာကို မကြည်ညို၊ ပုဏ္ဏားများ၏ လမ်းညွှန်ချက်အရ ဗုဒ္ဓရုပ်ပွားတော်များကို ဖျက်ဆီးပြီး နတ်ရုပ်များကို ကိုးကွယ်သည်။ ဟံသာဝတီ၏ ဗုဒ္ဓသာသနာမှာ အမှောင်ဖုံးလွှမ်းသွားသည်။ သို့သော်လည်း ဗုဒ္ဓဘာသာကို အလွန်ကြည်ညိုမြတ်နိုး ကိုးကွယ်သော “တလထော်”မိဖုရား၏ တစ်စတစ်စဟောပြောမှုကြောင့် တိဿမင်းကြီးသည် တရားတော်များကို ယုံကြည်သက်ဝင်ကာ နောက်ပိုင်းတွင် သာသနာတော်ကို ချီးမြှောက်လာခဲ့သည်။ နှစ်ပေါင်း ၁၆၂၀ ပြည့်နှစ် ရှိပြီဖြစ်သော ရွှေမော်ဓောစေတီတော်မြတ်ကြီးကို (၂) တောင်ထပ်မြှင့်ပြီး ဉာဏ်တော် (၁၄၈) တောင်အထိ တိုးမြှင့် ကာ ရွှေထီးတော်တင် ရေစက်သွန်းချ လှူဒါန်းခဲ့သည်။ စေတီရံတစ်ဆယ့်ငါးဆူကိုလည်း အသစ် တည်ဆောက်ပူဇော်ခဲ့သည်။ ခရစ်နှစ် ၁၀၅၇ ခုနှစ်တွင် ပုဂံတပ်များ ဟံသာဝတီအား တိုက်ခိုက် ကာ  တိဿဘုရာအား ပုဂံသို့ဖမ်းဆီးခေါ်ဆောင်သွားရာ  ဟံသာဝတီမှာ ပုဂံလက်အောက်ခံအဖြစ် ကျရောက်ခဲ့ရသည်။ မင်းနေပြည်တော်အဖြစ်မှ ရွာနိဂုံးအဖြစ် နှစ်ပေါင်း (၃၁၂) နှစ်တိတိ ကြာညောင်းခဲ့သည်။ ရွှေမော်ဓောဘုရားမှာလည်း ဗဟိုအစိုးရနှင့်ဝေးကွာနေ၍ ပြုပြင်သူနည်းပါးခဲ့ရလေသည်။

ဒုတိယဟံသာဝတီခေတ်ဘုရင်များ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ပြုပြင်မွမ်းမံ တည်ဆောက်ခြင်း

ဒုတိယဟံသာဝတီခေတ်ဘုရင်များ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ပြုပြင်မွမ်းမံ တည်ဆောက်ခြင်း

ဗညားဦးမင်း (မွန်ဘုရင်) သည် သာသနာ ၁၉၁၃ ခုနှစ်တွင်  နေပြည်တော်အား မုတ္တမမှ ဟံသာဝတီသို့ ကူးပြောင်းကာ ဟံသာဝတီ၌ နန်းတော်အသစ် ပြုလုပ်စေပြီး နန်းတက်တော်မူ သည်။ ထိုဘုရင်မင်းမြတ်သည် သက်တော် ၁၉၄၆ နှစ် ရှိပြီဖြစ်သော ရွှေမော်ဓောစေတီတော် မြတ်ကြီးတဝိုက် ပျက်စီးနေသော ကုန်းတော်ကြီးကိုလည်း ခိုင်ခံ့အောင် ပြုပြင်မွမ်းမံပြီး စေတီ တော်ကြီးအား (၄) တောင်တိုးမြှင့်ကာ ဉာဏ်တော် (၁၅၂) တောင်အထိ တိုးမြှင့်တည်ဆောက်သည်။ ပိဿာချိန် (၁၅၂၇) ပိဿာရှိ ထိပ်ဝ ခြောက်တောင်နှစ်မိုက်၊ အရပ်တော် တစ်ဆယ့်တစ်တောင် နှစ်မိုက်ရှိ ထီးတော်ကြီးကို တင်လှူပြီး ရွှေသင်္ကန်းအပြည့် ဆက်ကပ်တော်မူသည်။

ခရစ်နှစ် ၇၄၅ ခုနှစ်တွင် ဗညာဦး၏သားတော် ဗညားနွဲ့ဘွဲ့ခံ ရာဇာဓိရာဇ်မင်း နန်းတက် သည်။ ရွှေမော်ဓောစေတီတော်မြတ်ကြီးကိုလည်း (၁၃) တောင်မြှင့်ပြီး ဉာဏ်တော် (၁၆၅) တောင် အထိ တိုးမြှင့်တည်ဆောက်သည်။ ထိုမင်းသည် ဘုန်းတန်ခိုးအာဏာနှင့်ပြည့်စုံပြီး သတ္တိ၊ ဗျတ္တိ၊ တိုက်ရည်ခိုက်ရည်၊ နှလုံးရည်၊ လက်ရုံးရည်နှင့် ပြည့်စုံ၍ သီဟိုဠ်ကျွန်းမှ ပဏ္ဍုရာမမင်းသည် သမီး တော် သုမုတ္ထဒေဝီဗုဒ္ဓစွယ်တော်၊ ထိုစွယ်တော်ထည့်သော ရွှေသပိတ်စသည်တို့ကို ဆက်သလာခဲ့ သည်။ ထိုစွယ်တော်ကို သပိတ်တွင်ထည့်သွင်းပြီး မူလဆံတော်၊ သွားတော်တို့နှင့်အတူ ဌာပနာပြီး ပြိုပျက်နေသော စေတီတော်ကိုလည်း ပြုပြင်တော်မူသည်။ ထို့ပြင် ထိပ်ဝ (၈) တောင် (၂) မိုက် အရပ်တော် (၁၇) တောင် ဘုံခုနှစ်ဆင့်ရှိသော ထီးတော်ကိုလည်း တင်လှူပူဇော်လေသည်။ ရင်ပြင် တော်ကိုလည်း (၁၇) တောင်ပတ်လည် ဖွင့်တော်မူသည်။ ပြီး ရင်ပြင်တော် လေးမျက်နှာတွင် တစ်မျက်နှာလျှင် တန်ဆောင်းတခုစီ ဆောက်လုပ်လှူဒါန်းခဲ့သည်။ ထို့နောက် သံဃာတော်အပါး (၃၀၀၀) အား ပင့်ဖိတ်ကာ ဆွမ်းသင်္ကန်းကပ်ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှ ပေးဝေတော်မူလေသည်။

ထို့ကြောင့် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် စူဠသာလနှင့်မဟာသာလ မဇ္စျိမဒေသမှ ပင့်ဆောင်လာသော ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်စစ် နှစ်ဆူ၊ အနုရာမမင်းလက်ထက်ပ ဂဝံပတိ မထေရ်ဆက်သသော သွားတော်ဓာတ်၊ ယခု ရာဇာဓိရာဇ်မင်းလက်ထက် သီဟိုဘုရင် ပဏ္ဍုရာမမင်း ဆက်သသော ရွှေသပိတ်နှင့် စွယ်တော် စသည်တို့ ဌာပနာထားပါသည်။

သာသနာ ၁၉၆၇ ခုနှစ်တွင် ရာဇာဓိရာဇ်သားတော် ဗညားဓမ္မရာဇာမင်း နန်းတက် သည်။ ရွှေမော်ဓောစေတီတော်မြတ်ကြီးမှာလည်း သက်တော် (၂၀၀၀) ပြည့်ပြီးဖြစ်သည်။ ထိုမင်းသည် (၅) တောင်မြှင့်တင်ပြီး ဉာဏ်တော်အတောင် (၁၇၀) ထိ မြှင့်တင်ခဲ့သည်။ ရွှေ၊ ငွေ၊ ကျောက်သံ၊ ပတ္တမြား အစရှိသော ရတနာများဖြင့် မွမ်းမံစီခြယ်ထားသော ထီးတော်ကို တင်လှူပြီး လုံးတော် ပြည့် ရွှေသင်္ကန်း ကပ်လှူတော်မူသည်။

ကာသနာသက္ကရာဇ် ၁၉၇၂ ခုနှစ်တွင် နန်းတက်သော ဗညားရံမင်းသည် စေတီတော်အား (၂) တောင်မြှင့်ရာ (၁၇၂) တောင်ထိ မြင့်တက်လာခဲ့သည်။ တန်ဘိုး (၇၀၀) ရှိ ပုလဲကျောက်တလုံးကို ဆပ်သွားဖူးတွင် စီတော်မူပြီး ရတနာကိုးပါးဖြင့် တန်ဆာဆင်ထားသော ရွှေထီးတင်လှူကာ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူတော်မူခဲ့သည်။

သာသနာ ၂၉၉၀ ခုနှစ်တွင် ဗညားပရူမင်း နန်းတက်ပြီး ရွှေမော်ဓောစေတီတော်မြတ် ကြီးကို (၄) တောင် ထပ်မြှင့်ကာ (၁၇၆) တောင်အထိ တိုးမြှင့်တော်မူသည်။ ဖိနပ်တော်လေးမျက်နှာ တစ်ဆယ့်ငါးတောင်အထိ ဖွင့်တော်မူသည်။ ထို့နောက် ရွှေသင်္ကန်းလုံးတော်ပြည့် ကပ်လှူတော်မူ သည်။

ကောဇာသက္ကရာဇ် ၈၁၁ ခု၊ သာသနာ ၁၉၆၃ ခုနှစ်တွင် ဟံသာဝတီပြည်တွင် ဗညားကျန် နန်းတက်သည်။ ထိုမင်းသည် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဖိနပ်တာ်မှ စိန်ဖူးတော်အထိ ရွှေသင်္ကန်းလုံးတော်ပြည့် ဆက်ကပ်လှူဒါန်းခဲ့သည်။

သာသနာ ၁၉၉၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၈၁၄ ခုနှစ်တွင် ဟံသာဝတီတွင် ဗညားကျန်း တောဘွဲ့ခံဘုရင်မ ရှင်စောပုနန်းတက်သည်။ ရတနာသုံးပါးကို အလွန်ကြည်ညိုပြီး သာသနာ တော်ကိုလည်း အားပေးချီးမြှောက်သည်။ သက်တော် ၂၀၂၉ နှစ်ရှိပြီဖြစ်သော ရွှေမော်ဓောစေတီ တော်မြတ်ကြီးကို (၆) တောင်မြှင့်ပြီး ဉာဏ်တော် (၁၈၂) တောင်အထိ တိုးမြှင့်တည်ဆောက်ခဲ့သည်။  ဖိနပ်တော်မှ စိန်ဖူးတော်အထိ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့သည်။ ဖိနပ်တော်ကို (၇) တောင်ပတ်လည် ဖွင့်တော်မူသည်။

ကောဇာသက္ကရာဇ် ၈၃၃ ခု၊ သာသနာသက္ကရာဇ် ၂၀၁၅ ခုနှစ်တွင် ဓမ္မစေတီမင်း နန်းတက် သည်။ ထိုမင်းသည် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ အနောက်ဘက်၌ သစ်တပ်တည်ပြီး ရွှေနန်းရွှေအိမ် ရဲတိုက်လွှတ်ကျုံး ဆင်ကျုံးများ စီမံဆောက်လုပ်ပြီး နန်းစံခဲ့သည်။  ဓမ္မစေတီမင်း သည် သက်တော် ၂၀၄၈ နှစ်ရှိပြီဖြစ်သော ရွှေမော်ဓောစေတီတော်မြတ်ကြီးကို (၃) တောင်မြှင့်ပြီး (၁၈၅) တောင်အထိ တိုးမြှင့်ပြုပြင်သည်။ မင်း၏ကိုယ်အလေးချိန် (၄၂) ပိဿာ၊ မိဖုရားကိုယ် အလေးချိန် (၂၅) ပိဿာ ပေါင်း ရွှေ (၆၇) ပိဿာကို မျက်ပါးခတ်၍ ရွှေသင်္ကန်းစေတီ လုံးတော်ပြည့် ဆက်ကပ်လှူဒါန်းခဲ့သည်။

အတိတ်သာသနာ (၂၀၃၆) နှစ်၊ ကောဇာသက္ကရာဇ် (၈၅၄) ခုတွင် ဗညားရန်မင်း နန်းတက် သည်။ ထိုမင်းလက်ထက် လေမုန်တိုင်းကြီးစွာတိုက်၍ စေတီတော်၏ ထီးတော်သည် မြောက်ဘက် ကြက်မောက်ဘုရားရင်ပြင်တော်အထိ လွင့်စင်ကျရောက်လေသည်။ ရွှေမော်ဓော စေတီတော်မြတ်ကြီးကို (၄) တောင်မြှင့်ပြီး ဉာဏ်တော် (၁၈၉) တောင်ထိ တိုးတက်ပြုပြင်သည်။ မင်းကြီး၏ကိုယ်အလေးချိန် ရွှေ (၄၈) ပိဿာကို ရွှေနန်းကြိုးငင်ပြီး ထီးတော်ကို ပြင်ဆင်တုပ်နှောင် ၍ ထီးတော်တင်တော်မူသည်။ ရင်ပြင်တော်၌ အရံစေတီ (၅၂) ဆူတည်ပြိး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူသည်။

ကောဇာသက္ကရာဇ် ၈၈၈ ခု ဟံသာဝတီတွင် သူရှင်တကာရွတ်ပိ နန်းတက်သည်။ သုရှင် တကာရွတ်ပိမင်းသည် သက်တော် ၂၁၀၃ ရှိပြီဖြစ်သော ရွှေမော်ဓောစေတီတော်မြတ်ကြီးအား (၃)တောင်မြှင့်ကာ ဉာဏ်တော် (၁၉၂) တောင်ထိ မြှင့်တင်သည်။ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပြီး ရွှေထီးတော်ကိုလည်း တင်လှူတော်မူသည်။ ဤမင်းသည် မွန်ဘုရင်များအနက် နောက်ဆုံးမင်းဖြစ်ပြီး တောင်ငူဘုရင် တပင်ရွှေထီးတိုက်ခိုက်သိမ်းပိုက်ပြီး ဟံသာဝတီ မွန်မင်းဆက်  ပြတ်သွားရလေသည်။

တပင်ရွှေထီးမင်းသည် ကောဇာသက္ကရာဇ် ၉၀၀ ပြည့် ဟံသာဝတီနန်းတက်သည်။ ထိုမင်းသည် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား အလွန်အကျူး အထူးကြည်ညိုတော်မူသောကြောင့် ချစ်လှစွာသော မိဖုရားကို လက်ဆွဲကာ အလှူကြီးပေးပြီး ရွှေကရားနှင့် ရေစက်သွန်းချ လှူဒါန်း တော်မူသည်။

ကောဇာသက္ကရာဇ် ၉၁၂ တွင် ဟံသာဝတီ၌ အရှေ့နန်းတော်ကို ပယ်ဖျက်၍ ကမ္ဘောဇသာဒီနန်းတော်အသစ် ဆောက်လုပ်ကာ နန်းတက်တော်မူသည်။ ဤမင်းသည် သာသနာတော်ကို အလွန်ကြည်ညိုလေးစားကြည်ညိုသည့်အားလျော်စွာ ပဲခူးမြစ်မှ အနောက်ဘက် တစ်မိုင်ခန့်တွင် မဟာစေတီကို တည်တော်မူသည်။ ရွှေမော်ဓောစေတီတော်မြတ်ကြီးကိုလည်း ရွှေထီးတော် တင်လှူပြီးရွှေသင်္ကန်း ကပ်လှူတော်မူသည်။

ကောဇာသက္ကရာဇ် ၉၄၃ ခု အတိတ်သာသနာ ၂၀၂၅ ခုနှစ်တွင် ဘုရင့်နောင်သားတော် နန္ဒ ဘုရင် နန်းတက်သည်။ ထိုဘုရင်သည် သက်တော် ၂၁၅၈ နှစ် ရှိပြီဖြစ်သော ရွှေမော်ဓောစေတီ တော်မြတ်ကြီးအား ရွှေချိန် (၁၅) ပိဿာကို နန်းငင်စေပြီး ဆပ်သွားဖူး၌ ရစ်ပတ်ဖွဲ့နှောင်လှူဒါန်း သည့်အပြင် ရွှေ (၅) ပိဿာကိုလည်း ပုစွန်ခွံခတ်စေ၍ ဆပ်သွားဖူးကို မွမ်းမံပြီးလျှင် ရွှေသင်္ကန်း လုံးတော်ပြည့် ဆက်ကပ်လှူဒါန်းတော်မူသည်။

နန္ဒဘုရင်နောက်ပိုင်း ဟံသာဝတီတွင် မြို့တော်အဆင့်မှ မြို့ဝန်အဆင့်သာ အုပ်ချုပ်ပြီး အင်းဝမှ အုပ်ချုပ်သည်။ အင်းဝမှလာရောက်သော အနောက်ဘက်လွန်မင်း ညီတော် ပြည်မင်း မင်းရဲကျော်ထင်တို့သည် ရွှေမော်ဓောဘုရားအား ထီးတော်တင်ခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်းများ ပြုလုပ်ကြကြောင်း တွေ့ရသည်။

ဟံသာဝတီနယ်စားအမတ်မင်းကြီး ပြမိုင်းထိရာဇာသည် ကောဇာသက္ကရာဇ် ၁၁၀၆ ခုတွင် မိမိကိုယ် ဟံသာဝတီဘုရင်ဟုကြေညာပြီး နန်းတက်သည်။ ထိုမင်းသည် ရှင်ကျားရှင်လှူခဲ့သော တစ်ဘုံမျှရှိ ထီးတော်ကို ခြောက်ဘုံထပ်ဆင့်၍ ထီးတော်တင်လှူသည်။ ရွှေသင်္ကန်းလည်း လုံးတော်ပြည့် ဆက်ကပ်လှူဒါန်းသည်။

ကောဇာသက္ကရာဇ် ၁၁၁၄ ခုနှစ်တွင် မုဆိုးဘိုရွာမှ ဦးအောင်ဇေယျသည် အလောင်းမင်း တရားဘွဲ့ခဲ့ပြီး ရတနာသိင်္ဃမြို့တည်ထောင်ကာ ကုန်းဘောင်ခေတ်ကို စတင်သည်။ ၁၁၁၉ ခုနှစ်  ကဆုန်လဆုတ် (၈) ရက်တွင် ဗြမိုင်းတိရာဇာအမည်ခံ ဟံသာဝတီမွန်မင်း၊ ရာမညတိုင်း မွန်သုံးရပ် နှင့် ယိုးဒယားနိုင်ငံတော်ကိုပါ တိုက်ခိုက်သိမ်းပိုက် အုပ်ချုပ်သည်။ ထိုမင်းလက်ထက် ၁၁၁၉ ခုနှစ်တွင် ငလျင်လှုပ်ရာ ငလျင်အရှိန်ကြောင့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ဒုတိယအကြိမ် ပြိုကျတော်မူလေသည်။

ကောဇာသက္ကရာဇ် ၁၁၄၃ ခုတွင် အလောင်းမင်းတရားကြီး၏ တတိယသားတော် ဗဒုံ မြို့စားသည် ဘိုးတော်မင်းတရားကြီးဘွဲ့ခံယူကာ အင်းဝကိုသိမ်းယူပြီး အမရပူရတွင် နန်းစံတော် မူသည်။ ဘိုးတော်မင်းတရားသည် မင်း (၅) ဆက် မပြုပြင်ဘဲထားခဲ့သော အနှစ်သုံးဆယ်တိုင်တိုင် ခေါင်းလောင်းပုံအထိ ပြိုကျနေသော ရွှေမော်ဓောစေတီတော်မြတ်ကြီးအကြောင်း သိရှိရာ အလွန် သဒ္ဓါတရားရှိသည့်အားလျော်စွာ ကောဇာသက္ကရာဇ် ၁၁၄၉ ခု အတိတ်သာသနာ (၂၃၃၁) နှစ်၊ တပေါင်းလဆုတ် (၁၀) ရက်၊ ကြာသပတေးနေ့တွင် သက်တော် ၂၃၆၄ နှစ် ရှိပြီဖြစ်သော ရွှေမော်ဓောစေတီတော်မြတ်ကြီးကို အုတ်ရိုးမွမ်းမံဆောက်လုပ်ရာ ပြီးစီးတော်မူသည်။ ထို့နောက် ရှေးမွန်မင်းများလက်ထက် ပြုပြင်ခဲ့ကြသော ဉာဏ်တော် ၁၉၈ တောင်၊ အဝန်း ၉၀၀ ရှိသော စေတီ တော်အတိုင်း ဆက်လက်တည်ဆောက်တော်မူရာ ကောဇာသက္ကရာဇ် (၁၁၅၁) ခု၊ တန်ခူးလဆန်း (၁၅) ရက်၊ စနေနေ့တွင် ထီးတော်တင်ခြင်း အစရှိသော ကုသိုလ်ကောင်းမှု အစုစုကိုလှူဒါန်း ပြီးစီး တော်မူလေသည်။

ယခု တန်ခူးလပြည့်နေ့ပွဲတော် ပြုလုပ်ခြင်းသည် ဘိုးတော်မင်းတရားကြီး ပြုပြင်တည် ဆောက်၍အပြီး ထီးတင်ပွဲပြုလုပ်သည်ကအစပြု၍ ဆင်ယင်ကျင်းပခဲ့ခြင်း ဖြစ်လေသည်။

ရွှေမော်ဓောဘုရားနှင့် သူတို့၏ဆုတောင်းများ

ရွှေမော်ဓောဘုရားနှင့် သူတို့၏ဆုတောင်းများ

ဟံသာဝတီနယ်မြေတွင် တည်ထားသည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးသည် အလွန်တန်ခိုးကြီးထင်ရှားသည့် ဆုတောင်းလျှင်လည်း ဆုတောင်းပြည့်သည်ဟု ဆိုကြသည်။ ထို့ကြောင့် ဘုရင်ခေတ်တွင် မင်းသားများ ဆုတောင်းလုပ်ကြံမည်စိုးရိမ်သောကြောင့် “ရွှေမော်ဓောစေတီတော်ကို မင်းသားများတက်၍ မဖူးမျှော်ရ” ဟုပင် ဟံသာဝတီဘုရင်များက တားမြစ်ထားကြသည်။

မွန်ဘုရင် ဓမ္မစေတီမင်းတွင် မင်းရဲကျော်စွာဟူသော သားတော်တစ်ပါးရှိသည်။ မင်းရဲကျော်စွာသည် ငယ်စဉ်ကပင် ထက်မြက်သည်။ သူရသတ္တိနှင့်ပြည့်စုံသည်။ မင်းရဲကျော်စွာ၏ ထက်မြက်မှု၊ သူရသတ္တိနှင့်ပြည့်စုံပြီး ရဲရင့်မှုတို့ကို ဖခင်ဓမ္မစေတီမင်းကြားသိသောအခါ အရွယ်ရောက်လျှင် မိမိထီးနန်းအားလုယူမည်ဟု ယုံမှားသံသယဝင်လာသည်။ မလိုသူများ၏ ကုန်ချောမှုကြောင့် ပိုပြီး သံသယဖြစ်လာသည်။ မင်းရဲကျော်စွာသည် တစ်နေ့တွင် ဟံသာဝတီမှ နောက်ပါငယ်ကျွန်းများနှင့်အတူ ဒဂုံသို့သွားရာ မလိုသူတို့က ဓမ္မစေတီမင်းကို ကုန်းချောကြသည်။ မင်းရဲကျော်စွာကို ဖမ်းဆီးစေသည်။ မင်းရဲကျော်စွာကိုမလိုသည့် အမတ်ဣန္ဒဇိတ်က ဘုရင့်အမိန့်မရဘဲ မင်းရဲကျော်စွာကိုသတ်ရန် စီစဉ်သည်။ မင်းရဲကျော်စွာက အသတ်မခံရမီ ရွှေမော်ဓောစေတီအား ဖူးမျှော်ခွင့်ရရန် တောင်းပန်ရာ ခွင့်ပြုပြီး ရွှေမော်ဓောဘုရားတွင် ရှိခိုးပြီး မိမိ၏ လက်ဝတ်တန်ဆာများကို လှူဒါန်းကာ ” ငါ့ခမည်းတော်သည် ငါ့၌အပြစ်မရှိဘဲ ငါ့အား အပြစ်ရှာ၍ ကွပ်မျက်သည်။ ထို့ကြောင့် ငါသည် နောင်ဘဝ၌ မွန်ဘုရင်ကိုနိုင်၍ မွန်သုံးရပ်ကို အုပ်စိုးရသည်ဖြစ်ပါစေသား” ဟု ဆုတောင်းကာ ကွပ်မျက်ခြင်း ခံခဲ့ရလေသည်။

တောင်ငူဘုရင် မင်းကြီးညိုသည် သက်တော် (၇၂) နှစ်၊ ခရစ်နှစ် (၈၉၂) ခုနှစ်တွင် ကွယ်လွန် ရာ အသက် (၁၅) နှစ်သာရှိသေးသော သားတော် တပင်ရွှေထီးနန်းတက်ဆက်ခံသည်။ ကေတုမတီ တောင်ငူမြို့သည် နိုင်ငံတော်၏ ဗဟိုချက်မသဖွယ်ဖြစ်ပြီး မြိုခင်းမြို့နယ်အလွန် ပြန့်ပြူးသာယာလှသည့် မြေသြဇာအလွန်ကောင်းမီး မြို့ပတ်ဝန်းကျင်မှာလည်း မြစ်ချောင်း၊ တောတောင်၊ သစ်ပင် တို့ဖြင့်ဝန်းရံကာ စိမ်းလန်းစိုပြည် သာယာလှသည်။ တပင်ရွှေထီးမင်းသားသည် တောင်ငူမြေထက် ဟံသာဝတီနယ်မြေကို ပိုပြီးစိတ်ဝင်စားသည်။ နန်းတက်ပြီး (၂) နှစ်အကြား သက်တော် (၁၇) နှစ်တွင် ဟံသာဝတီနယ်မြေ ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် နားထွင်းမင်္ဂလာပြုလုပ်ရန် ဆန္ဒဖြစ်ပေါ်လာသည်။ ထိုအချိန် ဟံသာဝတီတွင် မွန်ဘုရင် သုရှင်တကာရွတ်ပိ အုပ်ချုပ်လျက်ရှိသည်။ ရန်သူ့နယ်မြေသို့ သွားရောက်နားထွင်းရန်ဆန္ဒအား မူးမတ်အများက သဘောမတူကြ၊ မသင့်ဟုယူဆကြသည်။ သို့သော်လည်း တပင်ရွှေထီးသည် ရွှေမော်ဓောဘုရားမှာ ဆုတောင်းပြည့်သည်။ ရွှေမော်ဓောဘုရားရင်ပြင်တွင် နားထွင်းမင်္ဂလာပြုလုပ်ရန် ဆန္ဒပြင်းပြနေသည့်အားလျော်စွာ ကျော်ထင်နော်ရထာဘွဲ့ခံ သျှင်ရဲထွဋ် အား သူရဲကောင်းငါးရာ ရွေးချယ်စေသည်။ တပင်ရွှေထီးမင်းသည် ကျော်ထင်နော်ရထာ (နောင်ဘုရင့်နောင်) ဦးစီး သူရဲကောင်းငါးရာနှင့်အတူ ရန်သူ နယ်မြေ ဟံသာဝတီရှိ ရွှေမော်ဓောစေတီတွင်နားထွင်းမင်္ဂလာကျင်းပသည်။ မွန်ဘုရင် သုရှင်တကာရွက်ပိသည် တောင်ငူမှ တပင်ရွှေထီးမင်း ရွှေမော်ဓောစေတီသို့ ရောက်ရှိနားထွင်း မင်္ဂလာပြုလုပ်နေကြောင်း သတင်းရရှိရာ မွန်တပ်များထုတ်ပြီး ရွှေမော်ဓောတဝိုက် ဝိုင်းပတ်ထားစေသည်။ မွန်တပ်များ ဝိုင်းထားကြောင်း သတင်းပို့ရာ တပင်ရွှေထီးက ရန်သူတပ်များ အရေးထား ဂရုစိုက်ရန်မလို၊ ငါ၏မင်္ဂလာတော်ကိုသာပြီးအောင် ဆောင်ရွက်ကြ။ ပြီးလျှင် ငါကိုယ်တော်မြတ် ကိုယ်တိုင် ရန်သူ့တပ်ကို ဖြိုဖျက်ထွက်မည်ဟုပြောကြားလေသည်။ နားထွင်းမင်္ဂလာပြီးလျှင် တပည့်တော်သည် မွန်သုံးရပ်ကိုအုပ်စိုးနိုင်သည်ဖြစ်၍ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား အစဉ်မပြတ် ကိုးကွယ်ပူဇော်နိုင်သည့်ကိုယ်ဖြစ်ရပါလို၏ဟု ဆုတောင်းကာ ဝိုင်းပတ်ထားသော မွန်တပ်များအား ရဲဝံ့စွာ ဖောက်ထွက်သွားလေသည်။ မွန်တပ်များမှာ ထူးဆန်းအံ့သြစွာ ဘေးဖယ်ရှဲထားပြီး မည်သို့မှ မတုံ့ပြန်ဘဲ ကျန်ရစ်ခဲ့လေတော့သည်။ မွန်/မြန်မာ ရာဇဝင်တို့က တပင်ရွှေထီးမှာ မွန်မင်းသား မင်းရဲကျော်စွာ ဝင်စားသူဟု ဆိုကြသည်။

ရာဇာဓိရာဇ်ဘွဲ့ခံ ဗညားနွဲ့သည် မင်းသားဘဝကပင် ရွှေမော်ဓောဆံတော်ရှင်ဓာတ် ကိန်းဝပ်တော်မူသော ဘုရားသို့ရောက်ရှိပြီး ဆုတောင်းခဲ့ကြောင်း သိရသည်။ သက္ကရာဇ် ၇၅၂ ခု သက်တော် ၂၃ နှစ်တွင် ဟံသာဝတီထီးနန်းကို ရရှိပြီး ရွှေမော်ဓောဘုရား၌ အလှူအဒါန်းပွဲကြီး ကျင်းပသည်။ ရွှေမော်ဓောဘုရား ခြေတော်ရင်း၌ မဏ္ဍပ်ကန္နားကြီးများ ဆောက်လုပ်စေသည်။ ရွှေမော်ဓောဘုရားတွင် မိမိကိုယ်အလေးမျှရှိသောရွှေကို လှူဒါန်းတော်မူသည်ဟု ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းတွင် ရေးသားထားသည်။

ရာဇာဓိရာဇ်သည် မင်းဧကရာဇ်ဖြစ်ပြီး သားတော် ဗောလောကျန်းဒေါကို အထင်အမြင်လွဲမှားပြီး နောင်အခါ ပုန်ကန်အံ့ဟုဆိုကာ ကွပ်မျက်စေသည်။ အမှန်က သားတော် ဗောလော ကျန်းတောသည် မင်းသားဖြစ်သည့်အားလျော်စွာ လူသူဆင်မြင်းများ စုဆောင်းပြီး စစ်ပညာများ သင်ကြားခြင်းဖြစ်သည်။ ဖခင်ရာဇာဓိရာဇ်က ထိုသတင်းကိုကြား၍ ပုန်ကန်အံ့ဟုဆိုကာ ကွပ်မျက်စေသည်။

ထိုအခါ သားတော်ဗောလောကျန်းဒေါသည် ရွှေမော်ဓောဘုရားသို့သွား၍ ဆုတောင်းသည်။ ဗောလောကျန်းဒေါသည် ဝတ်စားတန်ဆာအသစ်တို့ကို ဆင်ယင်လျက် လက်စွပ်၊  လက်ကောက်၊ လက်စည်း၊ နားတောင်းများ ဝတ်ဆင်၍ ရွှေမော်ဓောဘုရားသို့ သွားရောက်၌ပြီး ရှိခိုးဝတ်ပြုကာ သီလခံယူ၏။ အဝတ်တန်ဆာအားလုံးအားချွတ်၍လှူဒါန်းပြီးလျှင် ဆုတောင်းလေ၏။ ” ကျွန်ုပ်သည် အပြစ်မရှိပါဘဲ ခမည်းတော်က အကြောင်းမဲ့ကျွန်ုပ်အား သတ်စေသည်။ သေသည်၏ ဤဘဝမှ ကျွန်ုပ်စုတေခဲ့သော် အင်းဝပြည်တွင် မင်းသားဖြစ်ရပါလို၏။ အစဉ်အတိုင်း ကျွန်ုပ်ကြီးပြင်းလာ၍အရွယ်ရောက်လျှင် ခမည်းတော်ရာဇာဓိရာဇ်နှင့် စစ်ကစားကာ နိုင်ရပါလို၏” ဟု ဆုတောင်းပြီး ဖုန်မသိမ် သုံးကျပ်သားနှင့် သံပုရာရည်သောက်ပြီး ကွယ်လွန်လေ၏။

ရာဇာဓိရာဇ်သည် သား၏ဆုတောင်းကို ကြားသိရာ ရွှေမော်ဓောဘုရားကို ငြမ်းဆင်စေပြီး ထီးတော်မှ ခြေတော်ရင်းတိုင်အောင် ရွှေချစေ၏။ ရဟန်းသံဃာများပင့်၍ ဆွမ်းကျွေးကာ “ဤလှူဒါန်းရသော ကုသိုလ်ကြောင့် နိဗ္ဗာန်မရောက်မီစပ်ကြား မည်သည့်ရန်သူကမျှ ကျွန်ုပ်အား စစ်ပြု၍ မနိုင်ပါစေသတည်း “ ဟု ဆုတောင်း၍ ရွှေရေတကောင်းဖြင့် ရေသွန်းလောင်းကာ နတ်များကို တိုင်တည်လေ၏။ အင်းဝဘုရင် မင်းခေါင်တွင် သားတော်မင်းရဲကျော်စွာသည် စွမ်းရည်သတ္တိ ပြည့်ဝပြီး ရဲစွမ်းသတ္တိနှင့်ပြည့်စုံသည်။ မွန်မြန်မာစစ်ပွဲများတွင် ရဲရင့်စွာအောင်ပွဲခံနိုင်၍ ထင်ရှားကျော်ကြားသည်။ မင်းရဲကျော်စွာသည် ရာဇာဓိရာဇ်၏သားတော် ဗောလောကျန်းတော ဝင်စား သည်ဟု ပြောကြသည်။ မွန်ဒေသသို့ ထိုးဖောက်လာသော စစ်ပွဲတစ်ခုတွင် မွန်ဘုရင် ရာဇာဓိရာဇ် နှင့် အင်းဝဘုရင်မင်းခေါင်၏သား မင်းရဲကျော်စွာတို့ ရင်ဆိုင်တိုက်ပွဲဖြစ်ကြသည်။ ရာဇာဓိရာဇ်နှင့် မင်းရဲကျော်စွာ ဆင်စီးချင်းတွေ့သည်။ မင်းရဲကျော်စွာ၏ဆင် မုန်ယိုပြီး ထိန်းမရဘဲ အတင်းလိုက်ကာ ဂျောက်ထဲသို့ ထိုးကျလေသည်။ မင်းရဲကျော်စွာအား ရာဇာဓိရာဇ်တပ်များ ဖမ်းဆီးရမိပြီး ရာဇာဓိရာဇ်၏လက်အောက် ကျရောက်ရလေသည်။ ရာဇာဓိရာဇ်က သားတော်ဟုသိ၍ မသတ်ဘဲ ထားသော်လည်း ဒဏ်ရာဖြင့် ကွယ်လွန်လေသည်။

မျက်မှောက်ခေတ်ရှိ ရွှေမော်ဓောစေတီတော်

မျက်မှောက်ခေတ်ရှိ ရွှေမော်ဓောစေတီတော်

ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်ကြီး၏ ဉာဏ်တော်အမြင့်
အတိုင်းအတာများ

ရင်ပြင်တော်မှ ပထမ ပန်းတင်ခုံ အထိ  =  ၈  ပေ

ပထမ ပန်းတင်ခုံမှ ဒုတိယ ပန်းတင်ခုံ အထိ  =  ၉  ပေ

ဒုတိယ ပန်းတင်ခုံမှ ပထမ ပစ္စယာ အထိ  =  ၃၆ ပေ

ပထမ ပစ္စယာမှ ဒုတိယ ပစ္စယာ အထိ  =  ၂၄  ပေ

ကြေးဝိုင်း (ကြေးဝန်း) ငါးဆင့်  =  ၂၃  ပေ

ခေါင်းလောင်းပုံအမြင့်  =  ၇၀  ပေ 

ဖောင်း (ဖောင်းရစ်)  =  ၄၅  ပေ

ကြာမှောက်ကြာလှန်  =  ၄၅  ပေ

ငှက်ပျောဖူး  =  ၆၂  ပေ


ရင်ပြင်မှ ငှက်ပျောဖူး အထိ ( ၃၂၂ ) ပေ


ထီးတော် (ကလာပ်ပါ)  =  ၁၇  ပေ  ၆  လက်မ

ဆပ်သွားဖူး  =  ၁၁  ပေ

ငှက်မြတ်နား  =  ၈  ပေ

စိန်ဖူးတိုင်  =  ၃  ပေ  ၉  လက်မ

စိန်ဖူး (ထိပ်အထိ)  =  ၁  ပေ   ၆  လက်မ


ရင်ပြင်မှ စိန်ဖူးထိပ်အထိ ( ၃၇၃ ) ပေ ( ၉ ) လက်မ



ကမ္ဘာပေါ်တွင် အမြင့်ဆုံး စေတီတော်မြတ်ကြီး ဖြစ်ပါသည်။


စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်

 ၁၉၉၄ ခုတွင်စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်အား အောက်သို့ချ၍ ပြုပြင်မွမ်းမံခဲ့ပါ သည်။ ရွှေမော်ဓောဘုရား၏ ငှက်မြတ်နားနှင့် စိန်ဖူးတော်ကို ခေတ်မီနည်းပညာသုံး၍ ၁၉၉၄ ခု တန်ဘိုးရာဖြတ်မှုစာရင်း (ဦးလှဝင်း လေသူရဲတစ်ဦး ဆောင်ပါးမှ ထုတ်နှုတ်တင်ပြသည်။) 


စိန်ဖူးတော်ရှိစိန်တန်ဘိုး = ၁၅၈၂၀၂၄၉၀

စိန်ဖူးတော်ရှိကျောက်မျက်တန်ဘိုး = ၁၈၅၈၁၆၈၁

ငှက်မြတ်နား(က) အခြမ်း စိန်နှင့်ကျောက်မျက်တန်ဘိုး = ၂၅၀၀၀၀၀

ငှက်မြတ်နား(ခ) အခြမ်း စိန်နှင့်ကျောက်မျက်တန်ဘိုး = ၄၄၇၅၀၀၀

ပိန္နဲတိုင်စိန်တန်ဘိုး = ၂၈၂၇၉၄၂

ပိန္နဲတိုင် ကျောက်မျက်တန်ဘိုး = ၉၈၀၀၀၀

ရွှေတန်ဘိုး (စိန်ဖူးတော်) = ၅၄၆၇၅၀၀

ရွှေတန်ဘိုး (ငှက်မြတ်နား (က) အခြမ်း) = ၇၂၀၀၀၀၀

ရွှေတန်ဘိုး (ငှက်မြတ်နား (ခ) အခြမ်း) = ၇၂၀၀၀၀၀

ရွှေတန်ဘိုး (ပိန္နဲတိုင်) = ၅၄၂၂၅၀၀

ရွှေခေါင်းလောင်းများ = ၁၀၅၀၀၀၀


စုစုပေါင်းတန်ဘိုး = ၂၁၃၉၀၇၀၅၀


 

ရွှေမော်ဓောဘုရား၏ ထီးတော်

မြန်မာနိုင်ငံရှိ စေတီများမှာ သင်တိုင်းအမျိုးအစားစေတီများဖြစ်ပြီး မကိုဋ်ပုံစံ ထီးများ ဖြစ်ကြသည်။ ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် တင်လှူသောထီးတော်မှာ အခြား စေတီများ၏ထီးမကိုဋ်ပုံစံထီးမဟုတ်ဘဲ လူတို့ဆောင်းသော ထီးပုံစံဖြစ်ပြီး သမ္မတထီးဟု ခေါ်ဝေါ် သည်။ ၁၃၁၅ နှောင်းတန်ခူးလဆန်း (၈) ရက်နေ့တွင် နိုင်ငံတော်သမ္မကြီး ဦးစဝ်ရွှေသိုက်ကိုယ်တိုင် ထီးတော်ပထမဘုံအဆင့်ကို တင်လှူပူဇော်ခဲ့သည်။ တန်ခူးလပြည့်နေ့တွင် ထီးတော်တင်လှူပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။ ထီးတော် တင်လှူပြီးသည်နှင့် အမြှောက်များ ပစ်ပေါက်၍ အထူးလေယာဉ်များက စေတီတော်အား (၁၀၈) ပတ်လှည့်လည်ပျဲဝဲကာ ပန်းများကြဲချပူဇော်ခဲ့ သည်။ ထီးတော်တင်ပြီးသည်နှင့် အမြှောက်များလည်း ပစ်ဖောက်ပူဇော်ခဲ့သည်။ စေတီတော် အောင်မြင်စွာ ပြန်လည်တည်ဆောက်နိုင်ခြင်း အထိမ်း အမှတ်အဖြစ် အကျဉ်း သားများအား ပြစ်ဒဏ်လျော့ပေါ့ခြင်း၊ သေဒဏ်ကျခံနေရသူများ သေဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခြင်းများလည်း ပေးခဲ့သည်။

ထီးတော်အဓိပ္ပါယ်ဖွင့်ဆိုချက်

စေတီတော်ကြီး ပြန်လည်တည်ဆောက်ပြီး ထီးတော်ကို သမ္မတထီးပုံစံအသစ်အဖြစ် လူထု ဆောင်းသော ထီးပုံသဏ္ဍာန်ပုံစံ တင်လှူစီစဉ်ပူဇော်ခဲ့သည်။ ထီးတော်(၅)ဆင့်ရှိပြီး အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုထား သည်။ (သာသနာရေးဝန်ကြီးဌာန၏ ၁၀-၄-၅၄ ခု ရက်စွဲပါ စာအရ)

  • ဤဘဒ္ဒကမ္ဘာ၌ ဘုရားငါးဆူပွင့်တော်မူသည်ကို ရည်ရွယ်၍ ထီးရွက်ကို ငါးဆင့် ထားပါသည်။
  • ပဋ္ဌာန်း ၂၄ ပစ္စည်းကို ရည်ရွယ်၍ ထီးတော်တဆင့်မှာ ခရိုင် ၂၄ ခု၊ ဓမ္မစကြာပွင့် ၂၄ ခုနှင့် ဆည်းလည်း ၂၄ လုံး ထားပါသည်။
  • မဂ္ဂင်ရှစ်ပါးကို ရည်ရွယ်၍ ထုပိကာဆပ်သွားဖူး၌ ရှစ်မြှောင့်ထားပါသည်။
  • ရတနာသုံးပါးကို ရည်ရွယ်၍ ထုပိကာဆပ်သွားဖူးအထက်၌ စိန်ပန်း (၃) ပွင့်  နှင့် စိန်သုံးဆင့် ထားပါသည်။
  • ဓမ္မစေတီတော်ကို ဖူးမြော်ကြရန် ရည်ရွယ်၍ ထီးရွက်တို့၌ ပိဋကတ်တော်တို့ကို ထွင်းထုထားပါသည်။

အထက်ပါအစီအစဉ်အတိုင်း ရွှေမော်ဓောဘုရား ၏ ထူးခြားဆန်းကြယ်သော သမ္မတ ထီးတော်ကို ပြုလုပ်၍ စီမံတင်လှူပူဇော်ခြင်းမှာ ဖူးမြော်သူတို့အား ထူးခြားဆန်း ကြယ်သော အကျိုးရရှိခံစားစေရန် ဖြစ်ပါသည်။ 

ရွှေမော်ဓောစေတီတော်နှင့် သဘာဝဘေးအန္တရာယ်များ

ရွှေမော်ဓောစေတီတော်နှင့် သဘာဝဘေးအန္တရာယ်များ

ဟံသာဝတီပဲခူးသည် စစ်ကိုင်းပြတ်ရွေ့ငလျင်ကြောအတွင်းတည်ရှိပြီး ရစ်တာစကေး (၇) နှင့်အထက်လှုပ်ကာ ခေတ်အဆက်ဆက် စေတီပုထိုးများ၊ ဘုရားကျောင်းကန် အဆောက်အဦး များ များစွာ ပြိုကျပျက်စီးခဲ့ရသည်။ ပြင်းထန်သောငလျင် (၃၂) ကြိမ်ထိလှုပ်ပြီး စေတီပုထိုးများ ပြိုကျပျက်စီးမှုများအား ပြည်သူ့စွမ်းအားဖြင့် ပြင်ဆင်ခဲ့ကြသည်။ ရွှေမော်ဓောဘုရားသမိုင်းနှင့် သထုံရာဇဝင်အရ သာသနာနှစ် ၃၄၇၊ ၄၅၄၊ ၅၃၂၊ ၅၆၆ ၊ ၆၀၈၊ ၆၉၇၊ ၇၇၅၊ ၈၄၃၊ ၉၃၁၊ ၁၀၀၄၊ ၁၀၁၊ ၁၁၅၉၊ ၁၁၉၆၊ ၁၂၈၀၊ ၁၃၅၇၊ ၁၄၁၉၊ ၁၅၃၀၊ ၁၆၀၃၊ ၁၇၀၅၊ ၁၈၁၃၊ ၁၈၃၀၊ ၁၈၉၂ ထိ (၂၂) ကြိမ် လှုပ်ခဲ့သည်။ ဘုရားများလည်း ပြိုကျပြီး ပြည်သူ့အားနှင့် ပြုပြင်ခဲ့ကြသည်။ ၁၈၉၂ ခုနှစ်တွင် လှုပ်ခဲ့သော ငလျင်သည် ပြင်းထန်လွန်းသဖြင့် ရွှေမော်ဓောစေတီအပါအဝင် စေတီ(၁၆)ဆူသည် ပြုပြင်မရ အောင် ပျက်စီးခဲ့ရသည်။

ခရစ်နှစ် ၈၅၄ ခု၊ ဗညားရန်မင်းလက်ထက် လေမုန်တိုင်းပြင်းစွာ တိုက်ခတ်မှုကြောင့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ထီးတော်သည် မြို့၏မြောက်ဘက် ကြက်မောက်ဘုရား ရင်ပြင်ထိရောက်အောင် လွင့်စင်သွားလေသည်။

“၁၂၄၄ ခု၊ ကဆုန်လဆန်း (၁၂) ရက် စနေနေ့တွင် ပဲခူးမြို့ဝန်ထောက်တော်မင်း ဦးဝိုက် ဝန်ထောက်ကတော် မယ်အို၊ မွေးသမိခင်ကျေးဇူးရှင်နှင့်တကွ သင်္ဂဟဉာတကာတစုတို့နှင့် စိန်ရွှေဖူးအချိန် (၉၀) ကျပ်သားရှိသော ကောင်းမှုတော်မြတ်ကို လှူဒါန်းတော်မူပြီးလျှင် ရတနာ အတိပြီးသော ရွှေစိန်ဖူးတော် (၁၀) ရတီအချိန်ရှိသောစိန်ကို မွမ်းမံ၍ ကိုမွန်ထော် မစောမေ သမီး ခင်ပွန်းတို့ကောင်းမှု နိဗ္ဗာန်ဆုကို နတ်လူသာဓုခေါ်စေသော်ဝ်” (မူရင်းအတိုင်း ဘာသာပြန်)

ကောဇာသက္ကရာဇ် ၁၂၇၉ ခု၊ ပထမဝါဆိုလဆုတ် (၂) ရက်၊ ၁၉၁၇ ခု၊ ဇူလိုင်လ (၅) ရက်၊ ကြာသပတေးနေ့ နံနက်အာရုံတက် (၄) နာရီ (၄၅) မိနစ်အချိန်တွင် ငလျင်ကြီး ပြင်းထန်စွာ တုန်လှုပ်ရာ သက်တော် ၂၄၉၄ နှစ်ရှိပြီဖြစ်သော ရွှေမော်ဓောစေတီတော်မြတ်ကြီးသည် တော်လဲ ပဲ့တင်သံကြီးပေါ်ပေါက်လျက် သွက်သွက်ခါလှုပ်ယမ်းကာ တပြိုင်တည်းဖောက်ခွဲလိုက်သည့်ပမာ ငှက်ပျောဖူးမှစ၍ ခေါင်းလောင်းပုံအထိ ပြိုကွဲပျက်စီးတော်မူလေသည်။ စတုတ္ထအကြိမ်ငလျင် ကြောင့် ပြိုကျပျက်စီးသော ငှက်ပျောဖူးလုံးတော်သည် အလုံးလိုက်မပျက်ဘဲ ရင်ပြင်ပေါ်ကျရာ ယခုတိုင် တနင်္ဂနွေထောင့်တွင် တည်ရှိနေကြောင်း တွေ့မြင်ရမည်ဖြစ်ပါသည်။ ယခုအခါ ၎င်းအပေါ်တွင် စေတီငယ်တစ်ဆူ တည်ထားကိုးကွယ်ထားသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။

စတုတ္ထအကြိမ် ငလျင်ဘေးသင့်၍ ပြိုကျမှုအား မြို့ရွာခရိုင်မှ ဗုဒ္ဓဘာသာဝင်သူတော်စင် များ၊ တနိုင်ငံလုံးမှ ဗုဒ္ဓဘာသာဝင် ရဟန်ရှင်လူများ စုပေါင်းလှူဒါန်းမှုဖြင့် မူလရှိရင်းစေတီတော်ဟောင်း ဉာဏ်တော် (၁၉၈) တောင်တွင် (၄) တောင် (၂) မိုက် တိုးမြှင့်၍ ဉာဏ်တော် (၂၀၂) တောင် (၂) မိုက်အထိ တိုးမြှင့်ကာ အထူးကြိုးစားအားထုတ် တည်ထားကိုးကွယ်ခဲ့ကြလေသည်။

၁၁၁၉ ခု အလောင်းဘုရားမင်းရတနာသင်္ဃ ရွှေဘိုတွင် နန်းစံအုပ်ချုပ်သည်။ ဟံသာဝတီ မှာလည်း အလေင်းမင်းတရားလက်အောက်ခံအဖြစ် ကျရောက်ထားရာ ဟံသာဝတီမှ ငလျင်ပြင်းစွာလှုပ်ရာ ရွှေမော်ဓောစေတီတော်မြတ်ကြီး ခေါင်းလောင်းပုံအထိ ပြိုကျပျက်စီးရလေသည်။ ထိုအချိန်က ယိုးဒယားသို့ စစ်ချီတက်ခြင်း၊ ပြည်တွင်းစစ်များ နှိမ်နင်းနေရခြင်းကြောင့် မင်း (၅) ဆက်ထိ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ပြုပြင်နိုင်ခြင်းမရှိခဲ့ပေ။ ဘိုးတော်မင်းတရား နန်းတက်ပြီး သက္ကရာဇ် ၁၁၄၉ ခု၊ တပေါင်းလဆန်း (၁၀) ရက်နေ့ ရွှေမော်ဓောစေတီတော်မြတ်ကြီးကို အုတ်ရိုးပြန်ဆက် မွမ်းမံတည်ဆောက်ပြီးစီးသည်။ သက္ကရာဇ် ၁၁၅၁ ခု၊ တန်ခူး လဆန်း (၁၅) ရက်တွင် ထီးတော်တင်ခြင်းပြီးစီးသည်။ ကောဇာသက္ကရာဇ် ၁၂၁၄ ခု၊ တပို့တွဲ လကွယ်၊ ကြာသပတေးနေ့ နေ့လည် (၁) နာရီ (၁၅) မိနစ်အချိန်တွင် ငလျင်ပြင်းစွာလှုပ်ပြန်ရာ သက်တော် ၂၄၈၉ နှစ်ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ဆပ်သွားဖူးအထက်မှစ၍ သံတိုင်တပိုင်း နှင့် ငှက်မြတ်နားစိန်ဖူးတော်များပါ ကျိုးပြတ် ပျက်စီးတော်မူလေသည်။ ငှက်မြတ်နားနှင့် စိန်ဖူးတော်တို့ကို ပင်ကိုယ်အတိုင်းရရှိရာ စိန်ဖူးတော်တွင် အလှူရှင်စာတမ်းအား တွေ့ရှိရသည်။

ခရစ်နှစ် ၁၉၃၀၊ ကောဇာသက္ကရာဇ် ၁၂၉၂ ခု၊ ကဆုန်လဆန်း (၉) ရက်၊ တနင်္လာနေ့ည (၈) နာရီ (၁၅) မိနစ်အချိန်တွင် ရုတ်တရက် တော်လဲငလျင်သံ မြည်ဟီး၍ သည်းထန်စွာတုန်လှုပ်ရာ သက်တော် ၂၅၀၇ နှစ်ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီးသည် အောက်ပထမပစ္စယာထိ အကြီးအကျယ် ပျက်စီးပြိုကျပြီးမြေသို့ ခတော်မူလေသည်။ ပဲခူးမြို့ရှိ တိုက်တာအိုးအိမ်များအပြင် တန်ဆောင်းဇရပ်အထပ်ထပ်တို့သည်လည်း ပြိုလဲပျက်စီးကာ မြို့တွင်း၌ မီးအကြီးအကျယ် လောင်ကျွမ်းခံရလေသည်။ ရွှေတောင်ကြီးပမာ အလွန်ကျက်သရေမင်္ဂလာနှင့်ပြည့်စုံသော စေတီတော်မြတ်ကြီးမှာ မြေခပြိုကျပျောက်ကွယ်ရလေတော့သည်။ ပြုပြင်နိုင်မည့်သူမရှိဘဲ ၁၃၁၂ ခုနှစ် ထိ နှစ်ပေါင်း (၂၀) မျှ ကြာမြင့်ခဲ့လေသည်။

ဂျပန်ခေတ်ပြီး အင်္ဂလိပ်များ ဝင်ရောက်လာသည်အထိ ပြုပြင်မှုမရှိနိုင်ခဲ့ပေ။ ပြည်သူများမှာ ဂျပန်အစိုးရ၊ အင်္ဂလိပ်အစိုးရ စသည်ဖြင့် အုပ်ချုပ်နေရာ အားကိုးရာမဲ့နေ သည်။

နှစ်ပေါင်း(၂၀) ခန့်အကြာ လွတ်လပ် ရေးရရှိပြီး မိမိနိုင်ငံ မိမိအစိုးရ တက်လာသောအခါ ဂေါပကအဖွဲ့နှင့် မြို့ သူမြို့သားများ မလျော့သောလုံ့လဖြင့် စေတီတော်ကြီး အား ပြန်လည်တည်ဆောက်ရန် ကြိုးစားရာ သမ္မတကြီး စဝ်ရွှေသိုက်နှင့် အစိုးရ အဖွဲ့ဝင်များ ပဲခူး သို့ကြွရောက်လာပြီး ၁၃၀၉ ခု၊ တပို့တွဲလဆန်း (၁၄) ရက်နေ့တွင် ပန္နက်စိုက်ထူခဲ့သည်။ တည်ဆောက်ရေးကြန့်ကြာနေ၍ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု ကိုယ် တိုင် ဦးစီးကာ ဂေါပကအဖွဲ့ဝင် များ၊ တရားလွှတ်တော်ချုပ်လူကြီးများ၊ ဝန်ကြီး ဒေါက်တာဦးအေးမောင်၊ ဝန်ကြီးဟင်္သာတဦးမြ၊ အင် ဂျင်နီယာချုပ် ဦးကျော်စိန်၊ မီးသတ်ညွှန်ကြားရေးမှူး အတွင်းဝန် ဦးလှကျော် တို့ပါဝင်သည့် ပုဂ္ဂိုလ်များဖြင့် တည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုကိုယ်တိုင် ၁၃၁၃ ခု၊ တန်ခူးလဆန်း ၁၄ ရက်နေ့တွင် အုတ်မြစ်ချမင်္ဂလာအခမ်းအနား ကျင်းပနိုင်ခဲ့သည်။

လက်ရှိရွှေမော်ဓောစေတီတော် တည်ဆောက်ခြင်းနှင့် ဓာတ်တော်မွေတော်များ ပူဇော်ခြင်း

လက်ရှိရွှေမော်ဓောစေတီတော် တည်ဆောက်ခြင်းနှင့် ဓာတ်တော်မွေတော်များ ပူဇော်ခြင်း

ခရစ်နှစ် ၁၉၅၁၊ ကောဇာသက္ကရာဇ် ၁၃၁၃ ခု၊ ဦးတတန်ခူးလဆန်း (၁၄)ရက် သောကြာနေ့ တွင် နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် ကြွရောက်ပြီး ရင်ပြင်တော် ကြာသပတေး အုတ်မြစ်ချ မင်္ဂလာအခမ်းအနား ကျင်းပခဲ့လေသည်။ အင်ဂျင်နီယာ ဦးကျန်နှင့် ဂေါပကဝင်များသည် ခေါင်းလောင်းပုံ ပန်းဆွဲအထက်မှဆက်၍ ဗဟိုတွင် ကွန်ကရစ်သံတိုင်ကြီးလေးတိုင်စိုက်ကာ ခေါင်းပွပြုလုပ်တည်ဆောက်ခဲ့ကြသည်။ စေတီတော်ကြီး အခြေခံခိုင်မာတောင့်တင်းရန်အတွက် အင်ဂျင်နီယာချုပ် ဦးကျော်စိန် ကြီးကြပ်ပြီး ပထမဆုံး စေတီတော်ကြီး၏ ရင်ပြင်တော်တဝိုက်၌ ၁၃ ပေမျှနက်သော အုတ်မြစ်ကျင်း (၃၂) ကျင်းကိုတူးကာ ၎င်းကျင်းကြီးများအတွင်း မီးရထား သံလမ်းမြောက်များစွာချ၍ ကွန်ကရစ်လောင်းပြီး ၎င်းကျင်းကြီးများမှ တဆင့်ခံတုံး၊ ပန်းတင်ခုံများမှသည် ပစ္စယာများသို့ ကျားကန်မြောင်း (၃၂) မြောင်းတူးကာ ကွန်ကရစ်လေင်းလေသည်။ ထို့နောက် စေတီတော်ကြီး၏ ပန်းတင်ခုံများကို အုတ်ရိုးစီလေသည်။ ၁၃၁၄ ခု၊ သီတင်းကျွတ် လပြည့်နေ့တွင် စေတီတော်မြတ်ကြီး၏ ပထမပစ္စယာအခြေမှ အုတ်မြစ်လောင်းပြီးလျှင် လုံးပတ် တော်ကြီးကို မင်္ဂလာအခမ်းအနားဖြင့် စတင်အုတ်မြစ်ချလေသည်။ အုတ်မြစ်ကျင်းကြီးများ တူးဖော်ရာတွင် ရင်ပြင်တော်တဝက်၌ တန်ဘိုးရှိသည့် ရှေးဟောင်းသာသနာရေးအဆောက်အအုံများ၊ ပန်းတင်ခုံမှလည်း ရှေးကျသည့်ရုပ်ပွားပုထိုးတော်အမြောက်အများ တွေ့ရှိသည်။ ၎င်းရုပ်ပွား တော်များအား ပြည်သူများကြည်ညိုပြီး ၎င်းမြေကျင်းကြီးများအတွင်းသို့ ပြန်လည်ဌာပနာထားကာ မြေဖို့ခဲ့လေသည်။

စေတီတော်ကြီး တည်ဆောက်ရေးအတွက် လိုအပ်သော သံထည်အင်ဂျင်စက် စသည်များ ကို နိုင်ငံတော်အစိုးရ၏ ကူညီမှုကြောင့် ရန်ကုန်မြို့ ကုက္ကိုင်းရှိ လျှပ်စစ်စက်ပစ္စည်းများ ပိုလျှံ ရောင်းဝယ်ရေးဘုတ်အဖွဲ့မှ ဂေါပကဘဏ္ဍာထိန်းအဖွဲ့သို့ စေတနာထက်သန်စွာ လှူဒါန်းခဲ့လေသည်။ အလားတူ မီးရထားဌာနမှလည်း သံလမ်းဟောင်း တန် (၂၀၀) ကို စေတီတော်ကြီး တည် ဆောက်ရာတွင် အသုံးပြုရန် လှူဒါန်းခဲ့သည်။ လိုအပ်သော ငွေကြေးများအားလည်း နိုင်ငံတော်မှ ပထမငွေ (၁၀) သိန်း လှူဒါန်းကျခံရန် လျာထားခဲ့သော်လည်း နောက်ပိုင်း လိုသလောက်လှူဒါန်း ရန်လျာထားခဲ့သည်။ ကွယ်လွန်သူ သူဌေးဦးဖိုးလှိုင် လှူဒါန်းသွားသော (၆၄) ရတီရှိ စိန်ကြီးနှင့် စိန်ဖူးတော်ကြီး၊ ငှက်ပျောဖူး၊ ငှက်မြတ်နား၊ ရွှေငွေကျောက်သံပတ္တမြား စသည်တို့ကို ချိန်တွယ်စစ်ဆေးပြီး လျှို့ဝှက်စွာသိမ်းဆည်းထားခဲ့ရသည်။ ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်ပုံစံအတိုင်း ခေတ်အလိုက် ဘော်သားထီးတော်သစ်ကြီးပြုလုပ်ကာ မူလနမူနာအတိုင်း အလျား ၄’-၅”၊ အနံ ၂’-၃.၅” ငှက်မြတ်နားတော်အသစ်နှင့် စိန်ဖူးတော်အသစ် တည်ဆောက်ကြသည်။ စိန်ဖူးတော် သစ်အမြင့် သံလျက်အစွန်ထိ ၁’-၅”၊ အဝ ၁၀” ရှိပြီး အောက်ခံအရှည်မှာ ၃’ ရှိ၍ စိန်ဖူးတော် အထက်သံလျက်မှသည် အောက်ခြေတိုင်အဆုံးထိ ၄’-၅” ရှိသည်။ စေတီတော်မြတ်အတွင်း ဓာတ်တော်တိုက် ပြုလုပ်ကာ အိန္ဒိယနှင့် သီဟိုဠ်ကျွန်းတို့မှ ပင့်ဆောင်လာသော မြတ်စွာဘုရား၏ သရီရဓာတ်တော်၊ မွေတော်များ၊ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်၊ ရှင်သီဝလိရဟန္တာအရှင်မြတ် တို့၏ ဓာတ်တော် မွေတော်များအား ကောဇာသက္ကရာဇ် ၁၃၁၁ ခု၊ တပေါင်းလဆန်း ၅ ရက်နေ့တွင် ပဲခူးသို့ ပင့်ဆောင်လာပြီး ကိန်းဝပ်စံပါယ်ကာအပူဇော်ခံခဲ့သည်။ ထို့နောက် အဆိုပါဓာတ်တော် များ စေတီပြိုပျက်ရာမှ သိမ်းဆည်းရမိသော အဖိုးထိုက်တန်သော ကျောက်စိမ်းရုပ်ပွားတော် (၃) ဆူ၊ ရွှေဆင်းတု ရုပ်ပွားတော်များ၊ စိန်ထည်များစီထားသော ရွှေဆင်းတုရုပ်ပွားတော်များ၊ ငွေဆင်းတု ရုပ်ုပွားတော် (၃၆၁) ဆူ၊ ငွေစေတီ (၅၂၄) ဆူ၊ ငွေပေုသာပင် (၅၄၃) ပင်၊ ဗောဓိပင် (၃၅၁) ပင်၊ ငွေဆည်းလည်း (၉၂၁) လုံး၊ ငွေခေါင်းလောင်း (၂၈၉) လုံး၊ ငွေကြေးစည် (၈၀) လုံးနှင့် အခြားရွှေထည်၊ ငွေထည်တို့ကို ဌာပနာတိုက်အတွင်း ထည့်သွင်းပူဇော်ခဲ့သည်။

အရံစေတီများနှင့် စေတီတော်၏ လုံးပတ်တော်

ပထမပန်းတင်ခုံတွင် စေတီရံ (၆၄) ဆူ၊ ဒုတိယပန်းတင်ခုံတွင် စေတီရံ (၅၇) ဆူ ရှိသည်။

(က)    ပထမပန်းတင်ခုံလုံးပတ်                            ၁၄၁၈ ပေ

(ခ)     ဒုတိယပန်းတင်ခုံလုံးပတ်                          ၁၁၂၈ ပေ

(ဂ)     ပထမပစ္စယာလုံးပတ်                                 ၉၃၂ ပေ

(ဃ)    ဒုတိယပစ္စယာလုံးပတ်                                ၆၈၀ ပေ

(င)     ကြေးဝိုင်းလုံးပတ်                                      ၆၃၂ ပေ

(စ)     ခေါင်းလောင်းနှုတ်ခမ်းလုံးပတ်                    ၃၈၆ ပေ ၇ လက်မ

(ဆ)    ခေါင်းလောင်းအကျယ်                              ၁၂၃ ပေ

(ဇ)     ခေါင်းလောင်းထိပ်လုံးပတ်                         ၂၅၂ ပေ

ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ကိုယ်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း

ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ကိုယ်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း

၁၉၉၃ ခုနှစ်တွင် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား နောက်ဆုံးအကြိမ် စစ်ဆေးပြုပြင်ခဲ့ပါသည်။ ထို့နောက် ရွှေရောင်များ မှေးမှိန်လာမှုအား (၅) နှစ်တစ်ကြိမ် ကြည်ညိုဖွယ်ရာဖြစ်အောင် ကိုယ်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရန် သတ်မှတ်ခဲ့ကြသည်။ အလှူရှင်များမှလည်း စေတနာသဒ္ဓါတရားထက်သန်စွာ ရွှေထည်များ၊ ငွေများ၊ ရတနာပစ္စည်းများ ပါဝင်လှူဒါန်းကြသည်။

ပထမအကြိမ်

၁၉၈၉ ခုနှစ်တွင် ပထမအကြိမ် ကိုယ်လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူမှုအား စေတနာထက်သန်စွာ လှူဒါန်းခဲ့ကြသည်။ ပထမအကြိမ် ရွှေသင်္ကန်းကပ်လှူခြင်းတွင် ရွှေချိန် (၄) ကျပ်သား ရှိ တစ်ပေပတ်လည် ရွှေစင်ရွှေပြား (၆၂) ချပ်ကပ်လှူပူဇော်ခဲ့သည်။ ကျန်ကိုယ်လုံးတော်အား ၂ /” ပတ်လည်အရွယ်ရှိ မျက်ပါးရွှေဆိုင်းများ လုံးတော်ပြည့် ကပ်လှူပူဖော်ခဲ့သည်။

ဒုတိယအကြိမ်

၁၉၉၈-၉၉ ခုနှစ်တွင် ဒုတိယအကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပွဲ ဆောင်ရွက်ခဲ့ သည်။ ဒုတိယအကြိမ် ရွှေသင်္ကန်းကပ်လှူပွဲတွင် ရွှေချိန် ၄ကျပ်သားရှိ တစ်ပေပတ်လည် ရွှေပြား (၆၃) ချပ်နှင့် ၂ /” ပတ်လည်ရှိ မျက်ပါးရွှေဆိုင်း (၂၁၃၄၅) ချပ် ကပ်လှူပူဇော်ခဲ့သည်။ ထိုအချိန်က ရွှေတစ်ကျပ်သားလျှင် (၅၃၀၀၀/-) နှုန်းရှိရာ ဒုတိယအကြိမ် ရွှေသင်္ကန်းကပ်လှူမှုတန်ဘိုး သိန်းပေါင်း (၁၁၂၀) သိန်းကျော်ဘိုး ကပ်လှူပူဇော်ခဲ့သည်။

တတိယအကြိမ်

တတိယအကြိမ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းအား ၂၀၀၄ ခုနှစ်တွင် ဆောင်ရွက်ခဲ့ ပါသည်။ ထိုအချိန်က ခရိုင်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ ကြီးမှူးပြီး စီမံချက် ရေးဆွဲကာ ဆောင်ရွက်ခဲ့ပါသည်။ ရွှေမော်ဓောစေတီတော်မြတ်ကြီး အရောင်မှေးမှိန်နေမှုအား ထီးတော်ဘုံဆင့် (၅) ဆင့်မှ ခေါင်းလောင်းနှုတ်ခမ်းထိ ရွှေဆိုင်း (၂၁၃၄၅) ဆိုင်း ကပ်လှူပူဇော်ခဲ့ သည်။

စတုတ္ထအကြိမ်

ခရစ်နှစ် ၂၀၁၀-၂၀၁၁ ခုနှစ်တွင် စတုတ္ထအကြိမ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း ဆောင်ရွက်ခဲ့သည်။ စတုတ္ထအကြိမ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပွဲတွင် ငှက်ပျောဖူးတော် ဆဋ္ဌမအရစ်မှ ဒဿမအရစ်ထိ တစ်ပေပတ်လည် ရွှေပြား (၁၇၉) ချပ် ကပ်လှူပူဇော်ခဲ့သည်။ ထို့ကြောင့် စတုတ္ထအကြိမ်ထိ ပထမအရစ်မှ ဒသမအရစ်ထိ စုစုပေါင်း (၃၇၂) ချပ် ကပ်လှူပြီး ဖြစ်ပါ သည်။ ကျန်ကိုယ်လုံးတော်အား ရွှေဆိုင်းပေါင်း (၂၅၅၄၁) ဆိုင်း ကပ်လှူပူဇော်ခဲ့ပါသည်။ ၎င်းပြင် ငြိမ်းဖျက်အပေါက်ဖာ (၉၃) ဆိုင်း ထပ်မံကပ်လှူကာ စုစုပေါင်း (၂၅၆၃၄) ဆိုင်း ကပ်လှူပူဇော်ခဲ့ပါသည်။ စတုတ္ထအကြိမ် ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲတန်ဘိုး စုစုပေါင်း ကျပ်သိန်း (၇၈၀၀) သိန်း ကုန်ကျ လှူဒါန်းခဲ့ပါသည်။

ပဉ္စမအကြိမ်

ပဉ္စမအကြိမ် ကိုယ်လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းအား ၂၀၁၅-၂၀၁၆ ခုနှစ်တွင် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ပါသည်။ (၄) ကျပ်သားရှိ တစ်ပေပတ်လည်ရွှေပြား (၄၆၀) ချပ်၊ မျက်ပါးရွှေဆိုင်း (၂၇၉၄၇) ချပ် ကပ်လှူပူဇော်ခဲ့ပါသည်။ ပဉ္စမအကြိမ်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရေးအတွက် သုံးစွဲခဲ့သည့်ငွေကြေးပမာဏမှ (၁၉၁၃၉၃၅၆၄၈/-)ကျပ် ဖြစ်ပါသည်။ ပဉ္စမအကြိမ်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းအား (၁-၈-၂၀၁၅) ရက်နေ့တွင် စတင်ပြီး  (၆-၃-၂၀၁၆) ခုနှစ်တွင် အောင်မြင်စွာပြီးစီးခဲ့ပါသည်။

ဆဋ္ဌမအကြိမ်

ဆဋ္ဌမအကြိမ်လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းအား (၁-၉-၂၀၂၀) ရက်မှ ငြမ်းဆင်ခြင်း လုပ်ငန်းစတင်ခဲ့သော်လည်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ညွှန်ကြားချက်ဖြင့် (၁-၁၀-၂၀၂၀) ရက်နေ့မှ (၂၂-၁-၂၀၂၁) ထိ (၈၃) ရက်တာ ရပ်နားခဲ့ရပါသည်။ (၁-၉-၂၀၂၀) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရပြီး (၂၄-၄-၂၀၂၁) ရက်နေ့တွင် လုပ်ငန်းခွင် အားလုံး ပြီးစီးခဲ့ပါသည်။ ဆဋ္ဌမအကြိမ်တွင် ၁’×၁’ ပတ်လည် (၃) ကျပ်သားရွှေပြား (၉၉) ချပ် ပျက်စီးနေမှုအားပြင်ဆင်ကာ အစားထိုးကပ်လှူခဲ့ပါသည်။ အသစ်ကပ်လှူခဲ့သော ရွှေပြားမှာ ၁’×၁’ ပတ်လည် (၃) ကျပ်သား ရွှေပြား (၃၈၄) ချပ်အား ငှက်ပျောဖူးတော်တွင် ကပ်လှူပူဇော်ခဲ့ပါသည်။

ရွှေမော်ဓောစေတီ ထီးတော်နှင့် ငှက်ပျောဖူးတော်တွင် ကပ်လှူထားသော ရွှေပြား များစာရင်း

ရွှေမော်ဓောစေတီ ထီးတော်နှင့် ငှက်ပျောဖူးတော်တွင် ကပ်လှူထားသော ရွှေပြားများစာရင်း

ထီးတော်

 

(၄) ကျပ်သား ရွှေပြားများ အောက်ပါအတိုင်း ကပ်လှူပူဇော်ထားပါသည်-

 

(၁)

ဘုံအဆင့်(၃)

၈”×၈ /

၂၄ ချပ်

(၂)

ဘုံအဆင့်(၄)

၁၁”×၁၂”

၂၄ ချပ်

(၃)

ဘုံအဆင့်(၅)

၈ /” × ၁၁ /

၄၈ ချပ်

  

စုစုပေါင်း

၉၆ ချပ်

ငှက်ပျောဖူးတော်

 

စတုတ္ထအကြိမ်ထိ (၄) ကျပ်သားရွှေပြားများကို အောက်ပါအတိုင်း ကပ်လှူထားခဲ့

ပါသည်-


 (၁)  

ပထမအရစ်

၁၂”×၁၂”

၃၇

ချပ်

 (၂)    

ဒုတိယအရစ်

၁၂”×၁၂”

၃၇

ချပ်

 (၃)   

တတိယအရစ်

၁၂”×၁၂”

၃၇

ချပ်

 (၄)

စတုတ္ထအရစ်

၁၂”×၁၂”

၄၅

ချပ်

 (၅)   

ပဉ္စမအရစ်

၁၂”×၁၂”

၄၅

ချပ်

 (၆)   

ဆဋ္ဌမအရစ်

၁၂”×၁၂”

၄၅

ချပ်

 (၇)   

သတ္တမအရစ်

၁၂”×၁၂”

၄၂

ချပ်

 (၈)    

အဋ္ဌမအရစ်

၁၂”×၁၂”

၄၂

ချပ်

 (၉)     

နဝမအရစ်

၁၂”×၁၂”

၄၂

ချပ်

   

ပေါင်း

၃၇၂

ချပ်


မှတ်ချက်။      ပျက်စီးမှုပြန်လည်ပြုပြင်ရာတွင် ၃ ကျပ်သား ရွှေပြားများဖြင့်

အစားထိုးလဲလှယ်ခဲ့ပါသည်။

ပဉ္စမအကြိမ် ငှက်ပျောဖူးတော်တွင် အောက်ပါအတိုင်း တစ်ပေပတ်လည်ရွှေပြားများ

ကပ်လှူပူဇော်ခဲ့ပါသည်။


 (၁) 

အရစ် (A)

၁၂”×၁၂”

၄၇

ချပ်

 (၂)

အရစ် (B)

၁၂”×၁၂”

၅၀

ချပ်

 (၃) 

အရစ် (C)

၁၂”×၁၂”

၅၂

ချပ်

 (၄)

အရစ် (D)

၁၂”×၁၂”

၅၃

ချပ်

 (၅)

အရစ် (E)

၁၂”×၁၂”

၅၇

ချပ်

 (၆)

အရစ် (F)

၁၂”×၁၂”

၅၉

ချပ်

 (၇) 

အရစ် (G)

၁၂”×၁၂”

၆၁

ချပ်

 (၈) 

အရစ် (H)

၁၂”×၁၂”

၆၄

ချပ်

 (၉)  

အရစ် (I)

၁၂”×၁၂”

၁၇

ချပ်

   

ပေါင်း

၄၆၀

ချပ်

ဆဋ္ဌမအကြိမ် ငှက်ပျောဖူးတော်တွင် ၃ ကျပ်သား ရွှေပြားများအား အောက်ပါအတိုင်း

ကပ်လှူပူဇော်ခဲ့ပါသည်-

 

(၁)           

အရစ် (I)

၁၂”×၁၂”

၄၉

ချပ်

(၂)           

အရစ် (J)

၁၂”×၁၂”

၆၉

ချပ်

(၃)           

အရစ် (K)

၁၂”×၁၂”

၇၁

ချပ်

(၄)           

အရစ် (L)

၁၂”×၁၂”

၇၃

ချပ်

(၅)           

အရစ် (M)

၁၂”×၁၂”

၇၆

ချပ်

(၆)           

အရစ် (N)

၁၂”×၁၂”

၄၆

ချပ်

  

ပေါင်း

၃၈၄

ချပ်

 

ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် စေတနာရှင်

လုပ်သားပြည်သူများ ကပ်လှူထားသော (၃/၄) ကျပ်သား တစ်ပေပတ်လည်

ရွှေပြားများကို အောက်ပါအတိုင်း ကပ်လှူပူဇော်ထားပါသည်-

 

 (၁)           

ထီးတော်

၉၆

ချပ်

 (၂)           

စတုတ္ထအကြိမ်ထိကပ်

၃၇၂

ချပ်

 (၃)           

ပဉ္စမအကြိမ်ကပ်

၄၆၀

ချပ်

 (၄)           

ဆဋ္ဌမအကြိမ်ကပ်

၃၈၄

ချပ်

 

စုစုပေါင်း

၁၃၁၂

ချပ်

 

ကိုယ်လုံးတော်ပြည့် ကျန်နေရာများအား နှစ်ကျပ်တမတ် (၂/“) (၂.၂၅) ကျပ်သားရှိ

မျက်ပါး ရွှေဆိုင်းများ ကပ်လှူ ပူဇော်ထားပါသည်။