ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး

ဖူးမြှော်လေ့လာနိုင်သောနေရာများ
ဘီလူးရန်နိုင်ဘုရားနှင့် ယက္ခမယ်တော်ကြီး
ဆုတောင်းပြည့် ဘီလူးရန်နိုင်ဘုရားနှင့် ယက္ခမယ်တော်ကြီး

ခရစ်နှစ်ဘီစီ(၃၁၈-၂၆၅) ကာလအတွင်း သုဝဏ္ဏဘူမိသထုံပြည်တွင် ထီးနန်းစိုးစံတော်မူသော သီရိမာသောကရာဇာ (ဒုတိယ) လက်ထက်တွင်အိန္ဒယနိုင်ငံ၌ သီရိဓမ္မာသောကမင်းကြီး တတိယသံဃာယနာတင်ပြီး ကာလ ကိုးတိုင်း၊ ကိုးဌာနသို့ ဗုဒ္ဓသာသနာပြု ရဟန်းတော်များ ကြွရောက်ကြသည်။ သုဝဏ္ဏဘူမိသထုံပြည်သို့ ဘီစီ(၃၀၈) ခုနှစ်၊ သာသနာ(၂၃၅) ခုနှစ်တွင် သောဏထေရ်၊ ဉတ္တရထေရ်၊ အနုရုဒ္ဓထေရ်၊ သောမယထေရ်၊ ကိသဂုတ္တ(ဝါ) တိဿဂုတ္တထေရ်(၅) ပါးတို့ကြွရောက်လာကြသည်။ ထိုစဉ်က သထုံမြို့တစ်ဝိုက် ပင်လယ်တွင် ရေဘီလူးမတစ်ယောက် သည် နန်းတွင်းမှမွေးဖွားသော ကလေးငယ်များကို ညစဉ်လိုလိုလာရောက်ဖမ်းစား နေကြောင်း သတင်းကြီးနေပေသည်။ ရှင်သောဏနှင့် ရှင်ဉတ္တရမထေရ်တို့ မရောက်မီညတွင် နန်းတွင်းမိဖုရား ကြီးမှ သားတော်တစ်ပါး ဖွားမြင်ခဲ့ရာ နန်းတွင်းသားတို့က ဘီလူးမရန်ကိုကြောက်၍ အိပ်ဖန်စောင့် ကြရသည်။ အဖြစ်အပျက်ကို တွေ့မြင်ကြသဖြင့် ဗုဒ္ဓသာသနာပြုရန်၊ တစ်ပါးသူအသက်အန္တရာယ် ပြုမည်မဟုတ်ကြောင်း မထေရ်နှစ်ပါးက ပြည်သူတို့ ရေဘီလူးမှရန်မှ ကင်းဝေးစေရန် အန္တရာယ်ကင်းပရိတ်ရွတ်၍ မနုဿီဟပုံဖန်ဆင်းရာ ရေဘီလူးများ ပင်လယ်ဘက် ပြေးဆင်းကြကုန်သည်။

ဗုဒ္ဓဂါယာမှ ပင့်ဆောင်လာသော မဟာဗောဓိပင်

မြန်မာနိုင်ငံတော်ဝန်ကြီးချုပ်သည် ဓာတ်တော်များနှင့်အတူ မဇ္ဈိမဒေသ အိန္ဒိယပြည် မဟာဗာဓိအသင်းကြီးမှ ပရိဘောဂစေတီအစစ်အမှန်ဖြစ်သော ဗောဓိပင်ပျို(၁၀၀) ကျော်တို့ကို (တီလ်) ခေါ်စစ်သင်္ဘောကြီးဖြင့် ပင့်ဆောင်တော်မူခဲ့ရာ ပဲခူးမြို့ရွှေမော်ဓောစေတီတော်၏ ရင်ပြင် ပေါ်တွင် စိုက်ပျိုးပူဇော်လိုပါ၍ ဗောဓိပင်ပျိုတစ်ပင်ကို မျှတပါမည့် အကြောင်းဖြင့် ပဲခူးမြို့ ဓာတ်တော်ပင့်ဆောင်ရေးအဖွဲ့က သက်ဆိုင်ရာ လူကြီးမင်းများထံ တောင်းပန်သောကြောင့် ကြည်ကြည်ဖြူဖြူပင့်ဆောင်ယူခွင့်ရရှိပါသည်။ ကောဇာသက္ကရာဇ်(၁၃၁၂) ခုနှစ်၊ ကဆုန်လပြည့်၊ တနင်္ဂတွေနေ့ နံနက်(၈) နာရီအချိန်တွင် ပဲခူမြို့ညောင်ဝိုင်းရပ်၊ သွန်းဘုရားကြီးမှစ၍ မြို့ပေါ်သို့ လှည့်လည်အပူဇော်ခံရာတွင် မြို့ပေါ်မှအသင်းအဖွဲ့အသီးသီးနှင့် ဆေးလိပ်ရုံအမျိုးသမီးများပါမကျန် စိတ်အားထက်သန်စွာဖြင့် လိုက်ပါပူဇော်ကြသည်မှာ သိုက်မြိုက်စည်ကားလှပါကြောင်း။

ထိုသို့ မြို့ကို လှည့်ပတ်ကာ အပူဇော်ခံပြီးလျှင် ဗောဓိပင်ပျိုးကို စိုက်ပျိုးပူဇော်ထားမည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်အင်္ဂါထောင့်သို့ ပင့်ဆောင်၍ နေ့ (၁၂) နာရီအချိန် တွင် သံဃာတော်မရှင်သူမြတ်များသည် ပရိတ်ဒေသနာတော်များကို ရွတ်ဖတ်တော်မူကြပြီး ဗောဓိပင်ပျိုပင့်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌအရေးပိုင် ဦးသန်းက ပရိဘောဂစေတီတော်အစစ်ဖြစ်သော ဗောဓိပင်ပျိုကို စိုက်ပျိုး၍ထားရာ ယခုအခါအများပင် ပူဇော်လျက်ရှိနေကြပါသည်။

ရွှေမော်ဓောစေတီပေါ်ရှိ ခေါင်းလောင်းများ

၁။       အလှူရှင် ပရမာဓိရာဇာ ရာဇာယန္တြဓိတရာယာဒိ (ဓမ္မစေတီ) ဓမ္မစေတီမင်း သက္ကရာဇ် ၈၈၃ခုတွင် လှူဒါန်းခဲ့သော ခေါင်းလောင်းတော်ကြီးဖြစ်သည်။ မဟာဗောဓိပင်အနီး စေတီတော်၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။ ခေါင်းလောင်းကြီးတွင် ဟင်္သာရုပ်ပါ ကြေးကွေးပါရှိပြီး အပေါ်ပိုင်းတွင် အင်းကွက်များ ပါရှိသည်။ ခေါင်းလောင်းအတွင်းပိုင်းတွင် ဂဏန်းများပါရှိသည့် အင်းကွက်(၈)ခုထည့်သွင်းထားသည်။ အောက်တွင် စက်ဝိုင်းများဆင့်ကာ ယင်းစက်ဝိုင်းအတွင်း တွင် စာများရေးသားထားသည်။ မွန်ဘုရင် ဓမ္မစေတီမင်း လှူထားခဲ့သော (မဟာဃဏ္ဍိ) ခေါင်းလောင်းတော်ကြီးဖြစ်သည်။

၂။       ရွှေမော်ဓောဘုရားရင်ပြင်တောင်ဘက် ပျော်ဘွယ်ကြီးတန်ဆောင်းအနီး သီပေါမှ ဆရာ တော်တစ်ပါးနှင့် တပည့်ဒါယကာများ လှူဒါန်းထားသော ခေါင်းလောင်းဖြစ်သည်။ အလေးချိန် (၁၂၀) ပိဿာရှိပြီး သက္ကရာဇ် (၁၂၅၀) တွင် လှူဒါန်းသည်။

မဟာဃနကြေးမောင်းတော်ကြီး

ကောဇာသက္ကရာဇ် ၁၃၃၃ခုတွင် မဟာဃနကြေးမောင်းတော်ကြီးကို စတင်သွန်းလောင်း ပြီး အများပြည်သူ ကုသိုလ်အဖြစ် ၁၃၃၈ခု၊ ခရစ်နှစ် ၁၉၇၆တွင် အပြီးသွန်းလုပ်ခဲ့သည်။ မောင်းတော်ကြီး၏ ကြေးအလေးချိန်မှာ (၁၃၃၈) ပိဿာရှိသည်။ ဆိပ်ကမ်းကော်ပိုရေးရှင်းမှ သွန်းလုပ်ခဲ့ပြီး ရွှေမော်ဓောရင်ပြင် တနင်္ဂနွေထောင့်တွင် ထားရှိသည်။ အောင်စည်ဆော်ငြိမ်း ပြည်သာကိန်း မဟာဃနကြေးမောင်းတော်ကြီးဟု အတိတ်ယူသွန်းလုပ်ပူဇော်ခဲ့ခြင်း ဖြစ်ပါသည်။

ဆိပ်ကမ်းကော်ပိုရေးရှင်းမှ သွန်းလုပ်ခဲ့ပြီး ရွှေမော်ဓောရင်ပြင် တနင်္ဂနွေထောင့်တွင် ထားရှိသည်။

အောင်စည်ဆော်ငြိမ်း ပြည်သာကိန်း မဟာဃနကြေးမောင်းတော်ကြီးဟု အတိတ်ယူသွန်းလုပ်ပူဇော်ခဲ့ခြင်း ဖြစ်ပါသည်။

မဏိကုဏ္ဍလသိုက်ချုပ် ဘိုးဘိုးကြီးနတ်နန်း

ရွှေမော်ဓောစေတီတော်ရင်ပြင် အနောက်မုခ်အနီး ဓာတ်လှေကားပေါက်အနီးတွင် ဘုံ ပြဿာဒ်တို့ဖြင့် မဏိကုဏ္ဍလဘိုးဘိုးကြီးနတ်နန်း တည်ရှိလေသည်။ ထိုနတ်နန်းတွင် မဏိ ကုဏ္ဍလဘိုးဘိုးကြီးနှင့်အတူ မဟာဘောဂဘိုးဘိုးကြီး၊ အဘဘိုးဘိုးအောင်၊ ရုက္ခဒေဝ (ရုပ်က္ခစိုး နတ်မင်းကြီး) သာသနာစောင့် သိကြားမင်း၊ ပြဒါးဝိဇ္ဇာ၊ သူရဿတီမယ်တော်ရုပ်ထုများလည်း တည်ထားကိုးကွယ်ထားသည်။ အဓိဌာန်ပူဇော်ခြင်းဖြင့် မိမိတို့ကိုယ်တွင်းကိုယ်ပ ကျရောက်ဆဲ ကျရောက်အံ့သော ဘေးဥပါဒ်အန္တရာယ် ရန်စွယ်ဟူသမျှကို အကာအကွာပေးသေည်ဟု ယုံကြည် ကြသည်။ ယုံကြည်မှုကို ရှေ့ရှု၍ အောင်သပြေပန်း လှူဒါန်းခြင်း၊ အမွှေးတိုင်၊ ဆီမီးတိုင်ပူဇော်ခြင်း၊  ရေခုနှစ်ခွက်ဖြင့် ရေသပ္ပါယ်ခြင်းများဖြင့် ပူဇော်ကြသည်။

ပထမလှူဒါန်းခြင်းမှာ စီးပွားရေးလုပ်ငန်းများ အောင်မြင်ရန် အနှောက်အယှက်မရှိရန်၊ စာမေးပွဲဖြေဆိုနိုင်ရန်၊ ရာထူးဌာနန္တရတည်တံ့ခိုင်မြဲရန် လှူဒါန်းပူဇော်ကြသည်။

ဒုတိယလှူဒါန်းခြင်းမှာ သိုက်ဆက်ရှိသူများ၊ သိုက်အနှောက်အယှက်ကြောင့် ကျန်းမာရေး မကောင်းခြင်း၊ ပပျောက်စေရန်၊ သိုက်ဆက်ဖြတ်ရန်၊ သိုက်ပွဲဖြင့် သိုက်ချုပ်ဘိုးဘိုးကြီးက တားမြစ်ပေးရန်၊ အမျိုးသမီးများ သားသမီးရတနာ မထွန်းကားသော် သားကောင်းရတနာများ ထွန်းကားရန် ဆုတောင်းပြီး ဘိုးဘိုးကြီးထံ သိုက်ပွဲလှူဒါန်းကြသည်။ ပြီးအောင်စေ ပိုင်စေနိုင်စေ ပြည့်ဝစေဟု အောင်စည်အောင်မောင်း တီး၍ အမျှအတန်းပေးဝေလှူဒါန်းကြသည်။

ကျောက်စာများ

(က)    ဓမ္မစေတီမင်းကျောက်စာ

ကောဇာသက္ကရာဇ် ၈၂၄ ခုတွင် ဓမ္မစေတီမင်း မွန်ဘာသာဖြင့် ရေးထိုးထားခဲ့သော ကျောက်စာဖြစ်သည်။ ကျောက်စာ၏ အဓိပ္ပါယ်မှာ သွားတော်ဓာတ် (၃၃) ဆူ ရာမညဒေသ သို့ ရောက်ရှိကြောင်းနှင့် ၎င်းဓာတ်တော်များ ဌာပနာသော ရှေးစေတီတော်များကို ပြုပြင် ကြောင်း ရေးသားထားသော ကျောက်စာဖြစ်သည်။ ကျောက်စာမှာ အရှေ့ဘက် စောင်းတန်းမုခ်ဦးအနီး တည်ရှိသည်။ သဲကျောက်ဖြစ်ပြီး ယခုအခါ ပြောင်ချောဖြစ်နေပြီး ဖတ်ရန်မလွယ်ကူတော့ပါ။

ရွှေကျောင်းတော်ကြီး ကျောက်ပန်းတောင်းဓမ္မာရုံ

ကျောက်ပန်းတောင်းဓမ္မာရုံအား ပဲခူးမြို့၊ သစ်စက်ပိုင်ရှင် ဦးဖိုးသက်+(ဒေါ်တုတ်)+ ဒေါ်အေးခင် မိသားစုဆွေမျိုးများမှ ကောဇာသက္ကရာဇ် ၁၃၁၁ခုနှစ်တွင် ယခုတည်ရှိခဲ့သော ကျောက်ပန်းတောင်းဓမ္မာရုံအး အသစ်တဖန် မွမ်းမံဆောက်လုပ်လှူဒါန်းခဲ့သည်။ ၂၀၂၃ခု၊ ဇန်နဝါရီလ မှ မတ်လအတွင်း ရွှေမော်ဓောဘုရား ဘက်စုံပြုပြင်မွမ်းမံထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်မှ ဂေါပကအဖွဲ့ရန်ပုံငွေမသုံးဘဲ အလှူရှင် များအား စည်းရုံးထည့်ဝင်လှူဒါန်းစေကာ သြဝါဒါဆရာတော်ကြီးများ လျှောက်ထားပြီး ရွှေ ကျောင်းတော်ကျောက်ပန်းတောင်းဓမ္မာရုံအဖြစ် အမည်သတ်မှတ်ကာ အောက်ခြေလှေကားမှ စုလစ်မွမ်းချွန် အထိ ကြမ်းခင်းများအပါအဝင် ရွှေချပြီး ရွှေကျောင်းတော်ကြီးအဖြစ် ပြုပြင် မွမ်းမံတည်ဆောက်ခဲ့သည်။ ရွှေကျောင်းတော်ကြီးအတက်လှေကားများ နန်းဆန်ဆန် ပြုပြင်မွမ်းမံခြင်း၊ နောက်ခံ ပန်းချီကားနှင့် ဘုရားပလ္လင်အသစ်လှူဒါန်းခြင်း၊ ဗုဒ္ဓဝင်ပန်းချီကားများ ချိတ်ဆွဲလှူဒါန်းခြင်းများ လည်း ပြုပြင်လှူဒါန်းခဲ့သည်။ စုစုပေါင်းလှူဒါန်းကုန်ကျငွေမှာ ကျပ်သိန်းပေါင်း (၄၄,၆၀၅,၇၀၀) ဖြစ်ပါသည်။

ဒေါင့်လေးဒေါင့်ရှိစေတီပုထိုးများ

ရွှေမော်ဓောဘုရား ဒေါင့်လေးထောင့်တွင် စေတီလေးဆူ တည်ထားကိုးကွယ်ထားရှိပါ သည်-

(၁)     ငါးဆူရှင် ဇမ္ဗူအေးစေတီတော်

ရွှေမော်ဓောဘုရားအနောက်မြောက်ဒေါင့်တွင် တည်ရှိသည်။ ရွှေမော်ဓောစေတီတော် ပြန်လည်တည်ဆောက်ရာမှ တူးဖော်ရရှိသော ရှေးဟောင်းဓာတ်တော်များနှင့် ရုပ်ပွားတော်များ စုပေါင်းဌာပနာပြီး တည်ဆောက်ထားသည်။ ၁၃၁၅ ခု၊ တန်ဆောင်မုန်းလတွင်  ပြီးစီးသည်။

ဆံတော်ပင့်ဆုံလည်

ဆံတော်ပင့်လှေအား ဆံတော်နှစ်ဆူ ပင့်ဆောင်မှုအထိမ်းအမှတ်အဖြစ် လှေအား လည်ပတ်သွားနေဟန် ပြုလုပ်ထားသည်။ လာရောက်ဖူးမြော်သူများ လှေပေါ်သို့ ငွေအကြွေများ ပစ်ထည့်ကံစမ်းနိုင်ပါသည်။ စေတီတော်၏ အနောက်ဘက် ရှင်ဥပဂုတ္တစံကျောင်းတော်အနီး တည်ရှိသည်။

ရှင်ဥပ္ပဂုတ္တစံကျောင်းတော်

စေတီတော်၏အနောက်ဘက် စံကျောင်းတော်အနီး တည်ရှိသည်။ ရေလှိုင်းများပေါ်တွင် ရှင်ဥပ္ပဂုတ္တမထေရ် ဆွမ်းဘုန်း ပေးနေဟန် ပြုလုပ်ထားသည်။

သမိုင်းရုပ်စုံ ဆုံလည်

စေတီတော်အနောက်မြောက်ဘက် သောကြာဒေါင့်အနီး တည်ရှိသည်။ ဆံတော်ပင့် လှေပေါ်သို့ ကံစမ်းသည့်အနေဖြင့် အကြွေစေ့များ ပစ်ချလှူဒါန်းနိုင်သည်။

မုခ်ဦးတိုင်

ကောဇာသက္ကရာဇ် ၁၃၁၃ ခုနှစ်၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး အသစ်ပြန်လည် တည် ဆောက်စဉ် ရင်ပြင်ပတ်လည်တွင် ကွန်ကရစ်လောင်းရန် အနက်(၁၃) ပေရှိကျင်းကြီး(၃၂) ကျင်း တူးခဲ့ကြသည်။ စနေဒေါင့်ကျင်းကြီးတူးဖော်ရာ အထက်ပါမုခ်ဦးအား တွေ့ရှိခဲ့သည်။ ရှေးဟောင်း သုတေသီများက ဒုတိယဟံသာဝတီခေတ် ကောဇောသက္ကရာဇ် ၇၄၅ ခရစ်နှစ် ၁၃၈၃ ခုနှစ် နန်းတက်သော ရာဇာဓိရာဇ်မင်းလက်ထက် ရွှေမော်ဓောရင်ပြင်ရှိ မုခ်ဦးတိုင်ဟု ခန့်မှန်းကြသည်။

ငှက်ပျောဖူးတော်ဟောင်းကြီး

ကောဇာသက္ကရာဇ် ၁၂၇၉ ခု၊ ပထမဝါဆိုလဆုပ်(၇) ရက်၊ ၁၉၁၇ ခု ဇူလိုင်လ (၅) ရက် ကြာသပတေးနေ့နံနက် (၀၄:၄၅) မိနစ်အချိန်တွင် ပဲခူးမြို့၌ စတုတ္ထအကြိမ် ငလျင်ကြီးစွာလှုပ်ရာ ထိုငလျင်ကြောင့် စေတီတော်ကြီး၏ ငှက်ပျောဖူးတော်ကြီးမှာ ရင်ပြင်ပေါ်တနင်္လာထောင့်သို့ မြေခ တော်မူလေသည်။ ထီးတော်မှာလည်း မြေခပြီး ခေါင်းလောင်းတိုင် ပြိုကျပျက်စီးခဲ့ရသည်။ စေတီ တော်၏ ငှက်ပျောဖူးတော်မှာ တနင်္လာထောင့်နီး ပြိုကျခဲ့ရာ တစ်စစီ ပျက်စီးပြိုကွဲခြင်းမရှိဘဲ ယနေ့တိုင်အောင် ပုံသဏ္ဍန်မပျက် တည်ရှိနေခဲ့သည်။ ထိုနေရာကို အံ့ဖွယ်ထူးဆန်းသည့်  အဓိဌာန်အောင်မြေနေရာအဖြစ် သတ်မှတ်လျက် ယနေ့တိုင် ပူဇော်၍ နဖူးတိုက် ဦးခိုက်နေကြ သည်။ ပြိုကွဲပျက်စီးခြင်းမရှိဟု မိမိမိသားစု အလုပ်အကိုင်၊ စီးပွားဥစ္စာ၊ ရာထူးဌာနန္တရ ခိုင်မြဲမှု နိမိတ်ယူ ဆုတောင်းအောင်မြေ အဓိဌာန်နေရာဟု ယုံကြည်ဆုတောင်းနေကြသည်။

မဟာသံသဇိနမုနိ သွန်းတော်မူမြတ်စွာဘုရား

ကောဇာသက္ကရာဇ် ၁၂၄၁ ခုနှစ်တွင် အင်စပတ်တော် ဦးမြို့ ဦးဆောင်ပြီး ဘုရားဆင်းတု တော်ကို သွန်းလုပ်သည်။ ကြေးပိဿာချိန် (၃၄၃)ပိဿာ၊ ငွေပိဿာချိန် (၈၀)၊ ရွှေပိဿာချိန် (၃) ပိဿာ (၅၀)သားရော၍ သွန်းလုပ်ခဲ့သည်။ ဘွဲ့တော်အမည်ကို မဟာသံသဇိနမုနိဟု အမည်တပ် ပြီး ကန္ဓကုဋိတိုက် မျက်နှာကျက်တွင် ရေးထိုးထားသည့် သက္ကရာဇ် (၁၂၄၁)ဖြစ်ပြီး “အခါလွန် အောင်မြို့ဘောင်”၊ ဘုန်းခေါင်သွန်းသည့်နှစ်ဟု အမည်သတ်မှတ်ခဲ့သည်။မဟာသံသဇိနမုနိ သွန်းတော်မူဘုရားကြိး နှစ်စဉ်ဗုဒ္ဓပူဇနိယပွဲတော်များ ကျင်းပခဲ့သည်။ ယင်းပွဲတော်များမှာ ကဆုန်ညောင်ရေးသွန်းပွဲတော်၊ ဝါတွင်းကာလဝတ်အသင်းများမှ ဝတ်လှည့်ခြင်း၊ အဖိတ်နေ့ ညတွင် ဘုရားရှိခိုးပွဲများ ပြုလုပ်ခြင်း၊ ဥပုသ်နေ့နံနက်တွင် ဝတ်တက်ခြင်း၊ သီတင်းကျွတ်ပွဲတော် မီးထွန်းခြင်း၊ တန်ဆောင်တိုင် ဆွမ်းဆန်စိမ်းလောင်းခြင်း စသည့်ပွဲတော်များ ကျင်းပခဲ့သည်။ ငှက်ပျောဖူးကြီးအောက် ဘယ်ဘက်တွင်တည်ရှိသည်။ ယင်းရုပ်ပွားတော်မှာ ပုဂံခေတ် ကျန်စစ် သားမင်းကြီး ကိုးကွယ်ခဲ့သော ဆုတောင်းပြည့်ဗုဒ္ဓရုပ်ပွားတော်တစ်ဆူဖြစ်ကြောင်း သိရသည်။ ထူးခြားအံ့ဖွယ် လိုရာဆုတောင်းပြည့်ကြောင်း သိရသည်။

မဟာဇေယျမုနိပြည်လုံးချမ်းသာ သစ်ကနက်ရုပ်ပွားတော်

ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ တောင်ဘက်မုခ်အနီးကပ်လျက် ဂန္ဓကုဋီတိုက် တန်ဆောင်းတွင် တည်ရှိသည်။ မဟာဇေယျမုနိ ပြည်လုံးချမ်းသာ သစ်ကနက်ရုပ်ပွားတော်မြတ် ဖြစ်သည်။ သစ်ကနက်ရုပ်ပွားတော်၏ ထူးခြားချက်မှာ မကိုဋ်တော်၊ သင်္ကန်းတော်လက်တော် ဟန်မှာ မဟာဂရုဏာ သမာပတ္တိသတ္တဝါများအပေါ် ကြီးမားသော မေတ္တာတရားထားဟန် ဖူးတွေ့ နိုင်ပါသည်။ ဖူးမြော်သူတို့သည် မီးဘေး၊ လက်နက်ဘေး၊ ရောဂါဘေး၊ မိုးခေါင်ရေရှားဘေး အန္တရာယ်တိုမှ ကင်းဝေးစေနိုင်ကြောင်း ယုံကြည်ကြသည်။

သမိုင်းအရ အဆိုပါရုပ်ပွားတော်မှာ ပုဂံခေတ် အလောင်းစည်သူမင်းကြီးမှ ထုလုပ်ခဲ့ ကြောင်း၊ နန်းဦးတွင် ကျောင်းဆောက်ကိုးကွယ်ခဲ့ကြောင်း၊ ကရဝိက်ဖောင်တော်ဖြင့် ဒေသစာရီ လှည့်လည်ပူဇော်ခဲ့ကြောင်း၊ ဆုတောင်းပြည့်ကြောင်း သိရှိရသည်။ ရွှေမော်ဓောစေတီပေါ်တွင် ကိုးကွယ်ခဲ့သည်မှာ နှစ်ပေါင်း(၄၀) ကျော်ပြီးဖြစ်၍ ယခင်ပဲခူးမြို့တွင် နွေရာသီအလွန်ပူပြင်း၍ အချို့ဒေသများတွင် ရေရှားပါးမှုဖြစ်ပေါ်သည့်အခါ ယင်းသစ်ကနက်ရုပ်ပွားတော်အား သြဝါဒါ ဆရာတော်ကြီးများခွင့်ပြုချက်ဖြင့် ဝင်းခင်း၍ ဂေါပကအဖွဲ့ဝန်ထမ်းများ ဝတ်အသင်းများဖြင့် အနီးအနား မြို့နယ်များတွင် ရပ်ကွက်များသို့ ဒေသစာရီလှည့်လည် အပူဇော်ခဲ့ခဲ့ကြောင်း သိရ သည်။ ထိုသို့လှည့်လည်အပူဇော်ခဲ့ရာ အံ့သြစွာ မိုးများရွာသွန်းပြီး အလွန်ပင်ဆုတောင်းပြည့် ကြောင်း သိရသည်။

ပျော်ဘွယ်ကြီးဘုရားနှင့် တန်ဆောင်း

ပျော်ဘွယ်ကြီး (ကျောက်တော်ကြီးဘုရားမှာ ရင်ပြင်တော်၏ ဗုဒ္ဓဟူးဒေါင့်တွင် တည်ရှိပြီး ဉာဏ်တော်အမြင့် (၁၁’)၊ ဒူးခွင်အကျယ် (၈’-၁၁”)၊ ရှေ့နောက်ဗြက် (၄’-၂”)ရှိသည်။ ခရစ်နှစ် ၁၉၁၂ခု၊ ကောဇာသက္ကရာဇ် ၁၂၇၄ ခုနှစ်တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ပျော်ဘွယ်ကြီးရွာ၊ မင်းလမ်းနေ ဦးလိပ်ကျောက်နှင့် ဒေါ်နှစ်တို့က ပျော်ဘွယ်ကြီး (ကျောက်တော် ကြီးရုပ်ပွားတော်မြတ်ကြီး) နှင့် တန်ဆောင်းတော်ကြီးကို လှူဒါန်းခဲ့သည်။

မြသာလျောင်းရုပ်ပွားတော်

စေတီတော်ရင်ပြင် အင်္ဂါဒေါင့် ကျောက်စာတိုက်နှင့် တဆက်တည်း မဟာဗောဓိပင်နှင့် ကပ်လျက်တည်ရှိ သည်။ မြသာလျောင်းဘုရား၏မူလဒါယကာမှာ ဦးတက်ခါ၊ ဒေါ်ကူးတို့ဖြစ်သည်။ ရွှေမော်ဓောစေတီ ပြန်လည်တည်ဆောက်ရေးကော်မတီမှ ကောဇာသက္ကရာဇ် ၁၃၁၄ ခု၊ ခရစ်နှစ် ၁၉၅၂ခုတွင် မြသာလျောင်းဘုရားရုပ်ပွားတော်နှင့် ကန္ဓကုဋီတိုက်အား တည်ဆောက်ပြီး ၂၀၀၂ခု တွင် ပြန်လည်ပြုပြင်သည်။

နှီးဘုရား

အတုမရှိ စိန်ဘုံမဟာလာဘမုနိ ကိုးနဝင်းဆုတောင်းပြည့် နှီးဘုရားကြီး အနောက်ဘက် မုခ်အဝင် လက်ယာဘက်တွင် တည်ရှိသည်။ ၁၁-၈-၂၀၁၃ ရက် နံနက်တွင် ဓာတ်တော်များအား ထည့်သွင်း ဌာပနာပိတ်ပွဲကျင်းပကာ ရေစက်ချလှူဒါန်းခဲ့သည်။ အလှူရှင် မိဘများဖြစ်သော ဦးစိန်တက်+ ဒေါ်ရီအား ရည်စူး၍ ဒေါက်တာခင်သန်းဝင်း၊ ဒေါက်တာခင်စန်းရင် မိသားစုမှ လှူဒါန်းသည်။

ခြေတော်ရာ

ရင်ပြင်တော် ဗုဒ္ဓဟူးထောင့် ခြေတော်ရာတန်ဆောင်းတွင် တည်ရှိသည်။

စိတ္တသုခလျောင်းတော်မူ ရုပ်ပွားတော်ကြီး

တောင်ဘက်စောင်းတန်းအလယ် ဂန္ဓကုဋီတိုက်အတွင်း ကိန်းဝပ်စံပါယ်တော်မူသည်။

ကမာကူရ ဂျပန်ရုပ်ပွားတော်

စေတီတော်၏ တောင်ဘက်စောင်းတန်း ဂန္ဓကုဋီတိုက်အတွင်း ကိန်းဝပ်စံပါယ်တော်မူ လျက်ရှိသည်။

ထီးပုံစေတီ

စေတီတော်အင်္ဂါထောင့်တွင် တည်ရှိသည်။ စိန်ဖူးတော်ကြီးမပါ ဘုံဆင့်(၈)ဆင့်ရှိသည်။

နဂါးရုံဘုရား

စေတီတော်၏ အရှေ့တောင်ဘက် အင်္ဂါထောင့် ထီးပုံစေတီအနီးတွင် တည်ရှိသည်။